နိစ္စဓူဝ အကြောင်းကိစ္စ အမျိုးမျိုးနဲ့ စာမရေးဖြစ်ပြန်ဘူး။ ရေးစရာတွေ တွေးမိတော့လည်း အစသာ ရှိပြီး အဆုံးသတ်လို့ မရတဲ့ အတွေးတွေနဲ့ပဲ ရပ်တန့်သွားပါတယ်။ ဒါနဲ့ပဲ အတွေးက မုန့်လုံးစက္ကူကပ်ဖြစ်နေတာပါပဲ။ ကျွန်မရေးခဲ့ဖူးတဲ့ ကဗျာဟောင်းတွေ ပြန်ဖတ်တယ်။ ကဗျာရေးချင်စိတ် ဖြစ်ပေမယ့် နူးညံ့တဲ့ အသံတွေ ထွက်မလာဘူး။ သူများဘလော့တွေ လျှောက်လည်တယ်။ ကိုယ်ရေးတဲ့ စာကို အားမရလို့ သူများစာပဲ လိုက်ဖတ်နေဖြစ်တယ်။ ကျွန်မရဲ့  နှလုံးသားက အေးစက်နေသလို ဦးနှောက်ကလည်း မနိုးထလာဘူး ထင်တယ်။ ဒါနဲ့ပဲ စာမျက်နှာပေါ်မှာ ဘာမှ ချမရေးဖြစ်တာ ကြာသွားတော့တယ်။
ဒီနေ့တော့ စာရေးမယ် စိတ်ကူးရင်း စဉ်းစားဖူးတဲ့ အကြောင်းလေးတစ်ခုကို ပြန်သတိရမိတယ်။
ဇာတ်လမ်းတွေမှာဆိုရင် မင်းသား၊ မင်းသမီးတွေက ဇာတ်နာလေ ပရိတ်သတ်က သနားလေ၊ လူကြမ်းကို မုန်းလေ အဲလို ဖြစ်တတ်ကြတာများပါတယ်။ ကျွန်မကတော့ ဘ၀မှာ ကြည့်ပျော်ရှူ့ပျော်လောက်တော့ ဇာတ်နာချင်တယ်။ အရမ်းကြီး ဇာတ်နာတော့လည်း မခံနိုင်မှာ စိုးရိမ်သေးတယ်။ ဒီလိုမျိုးပြောလို့ သနားအောင်၊ မင်းသမီးလို စိတ်ကူးယဉ်တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်မ ငယ်ငယ်လေးကတည်းက သဘောကျတာက လူကြီးတွေ စကားပြောနေရင် ငါ ငယ်ငယ်တုန်းက ဘယ်လို ကြိုးစားခဲ့ရတာဆိုတဲ့ အပြောမျိုး၊ ပြီးတော့ ရေနံမြေသပိတ်အကြောင်း သင်ရတော့ မီးမရှိလို့ လမ်းဘေးမီးတိုင်အောက်မှာ စာကျက်ခဲ့ရတဲ့ အကြောင်းတွေ စတဲ့ ရုန်းကန်မှု့လေးတွေကို ကျွန်မ အားကျမိတယ်။ တကယ်ရုန်းကန်ခဲ့ရတဲ့ သူတွေကတော့ ပြောကြလိမ့်မယ်။ အဲဒီအရဿာက ခါးတယ်လို့။
ဒါပေမယ့် ကံကောင်းတယ်လို့ပဲ ဆိုရမလား။ နွေးထွေးအေးမြတဲ့ အရိပ်တစ်ခုအောက်မှာ ကျွန်မ ဘ၀က စာဖွဲ့လောက်အောင် ဇာတ်နာတဲ့ အထဲတော့ မပါခဲ့ဘူး။ ဒီတော့ မခါးပေမယ့် မချိုလှပါဘူးဆိုတဲ့ အရဿာကိုတော့ ကျွန်မ ဒုတိယသက်တမ်းထဲ ရောက်လာမှ ခံစားရတော့တာပါပဲ။ တပြည်တရွာမှာ မိုးခါးရေသောက်ပြီး အိမ်အပြန်ခက်မယ့် လမ်းတွေကို လျှောက်ရလိမ့်မယ်လို့ သုံးရာသီကျော်ပြီးမှ သေသေချာချာ ခံစားနားလည်တဲ့ ကျွန်မက ဘယ်လောက်များ နုံဖျင်းခဲ့သလဲ။ တွေဝေမှု့တွေ၊ မပြတ်သားတတ်မှု့တွေကို မုန်းတဲ့ ကျွန်မက နေရာတော်တော်များများမှာ တွေဝေနေတတ်ပြီ။ ဒါပေမယ့် ရင့်ကျက်မှု့တွေနဲ့ အတူ ကျွန်မ လက်ရှိဘ၀လေးမှာ နေပျော်အောင် လမ်းဖောက်၊ လမ်းလျှောက်နေမြဲ။ တချို့တ၀က်တွေက အရာမထင်ဘဲ ကျန်ခဲ့၊ တချို့တ၀က်တွေက အရိပ်ထင်ခဲ့၊ ကျန်ရစ်ခဲ့တဲ့ နာကျင်မှု့ ၊ ပျော်ရွှင်မှု့ အမှတ်တရတွေအတွက်လည်း ကျွန်မ ကျေနပ်နေတာပါပဲ။
တခါတရံ စိတ်ဓာတ်ကျသွားရင်တော့ ဖတ်ဖူးတဲ့ မဂ္ဂဇင်းထဲက စာသားလေးတချို့ကို ပြန်အမှတ်ရမိနေတတ်တယ်။ အဲဒီစာသားလေးက တက်ကျမ်းတွေ ဖတ်စရာမလိုဘဲ ကျွန်မကိုယ်ကျွန်မ အားပေးနိုင်ခဲ့တယ် ဆိုရမလားပဲ။ တခါတလေတော့လည်း ဘာရယ်မဟုတ်ဖတ်မိတဲ့ အကြောင်းအရာလေးကလည်း ခွန်အားအဖြစ်ပေးနိုင်တာပဲဆိုတာကိုလည်း တွေးမိပြန်တယ်။ အဲဒီဖြစ်ရပ်မှန် မှု့ခင်းမဂ္ဂဇင်းထဲက အကြောင်းအရာလေးက ရိုးရိုးလေးပဲ။ ချောမောလှပတဲ့ ဆေးကျောင်းသူလေးကို အတွင်းသိလူတစ်ယောက်က ၃၇၆ပြစ်မှု့ ကျူးလွန်ခဲ့တယ်။ နောက်ဆုံးမှာ အရှက်ကြီးရှက်ပြီး ကိုယ့်ကိုကိုယ့် သတ်သေဖို့ ကြိုးစားတဲ့ ကောင်မလေးကို အမေ ဖြစ်သူက ပြောတဲ့ စကားတစ်ခွန်းက " မဲညစ်ပေရေနေတဲ့ လက်နှီးစုတ်လေးကတောင် အပူဒဏ်ကို ကာကွယ်ပေးနိုင်သေးတာပဲ သမီးရယ်" တဲ့။ အဲဒီစကားလေးနဲ့ ကောင်မလေးက ဘ၀ကို ဖြတ်သန်းသွားတယ်လို့ အဆုံးသတ်ထားပါတယ်။ ကျွန်မက အဲဒီစကားကို အရမ်းသဘောကျတာပါ။
ကျွန်မတို့တွေဟာ မဲညစ်ပေရေနေတဲ့ လက်နှီးစုတ်တစ်ခုလည်း မဟုတ်ဘူး။ ကျွန်မတို့ ဘ၀မှာ ထိုက်သင့်သလောက် မကျေနပ်နိုင်ရင်တော့ ကျွန်မတို့ အမြဲဆုံးရှူံးနေရဦးမှာပါပဲ။ ပျော်ရွှင်မှု့ထက် ၀မ်းနည်းစရာ၊ နာကြည်းစရာတွေကို ပိုမှတ်မိတတ်တာလည်း လူ့သဘာဝပါပဲ။ အဲဒီဝမ်းနည်းကြေကွဲစ့ရာတွေကို သာ တမ်းတပြီး ကျွန်မတို့ဟာ ဘာမှ မလုပ်နိုင်တဲ့ သူတွေ၊ ဘာမှ အရေးမပါတဲ့ နေရာမှာ ရှိတဲ့သူတွေလို့ ကိုယ့်ကိုကိုယ် မြင်နေမယ့်အစား ကျွန်မတို့ မလုပ်နိုင်တဲ့ အရာတွေအတွက် ပူဆွေးမနေဘဲ ကျွန်မတို့ လုပ်နိုင်တဲ့ အရာလေးတွေကိုသာ လုပ်သွားကြရင်....။ သေချာပါတယ်။ ကျွန်မတို့ဟာ လက်နှီးစုတ်တွေမှ မဟုတ်ဘဲ။
ဟုတ်ပါတယ်။ ဒီစကားလေးနဲ့ ကျွန်မလည်း ကိုယ့်ကိုကိုယ် အားပေးရင်း စာတစ်ပုဒ်ရေးလိုက်တာပါ။ ဒီနေ့ ကျွန်မရေးတဲ့ စာကတော့ အဆင်မချောတဲ့ လက်နှီးစုတ်တစ်ခုဖြစ်ရင်လည်း ဖြစ်မှာပါ။ အားလုံးအတွက် အတွေးတစ်ခုဖြစ်ခဲ့ရင် အပူဒဏ်ကို ကာကွယ်ရကျိုးနပ်မယ့် လက်နှီးစုတ်လေး အဖြစ်တော့ ကျွန်မရဲ့ မိုးစက်ပွင့်လေးထဲမှာ အမှတ်တရ သိမ်းထားဖြစ်မှာပါ။

***ဇူးငယ်***
5 comments:
အရာရာတိုင်းမှာ မူပိုင်စွမ်းအားတွေရှိတယ် မိုးစက်ရေ။ မိုးစက်မေမေပြောသလို လက်နှီးစုတ်လည်း မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ တီတင့်ငယ်ငယ်က သင်ခဲ့ဘူးတဲ့ 'မီးတိုင်ငယ်လည်း သူ့အရွယ်နဲ့သူ့အစွယ်နဲ့' ဆိုသလိုပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဇူး မေမေ ပြောတာ ဟုတ်ပါဘူး.. အဲဒီဇာတ်လမ်းထဲက ကောင်မလေးရဲ့  အမေ ပြောတာပါ.. ;)
လောကကြီးထဲမှာ ဘယ်လောက်ဘဲ သေးငယ်တဲ့ အရာတွေဖြစ်ပါစေ
သူ့အတိုင်းအတာနဲ့သူ အသုံးဝင်မှုတော့ ရှိနေတာပါဘဲနော်..
လက်နှီးစုတ်ဖြစ်ပေမဲ့ အားမငယ်သင့်ပါဘူး..
ဒီစကားလေး သဘောကျတယ်..
ကြီးတဲ့အရာလဲ သူ့နေနဲ့သူ
သေးတဲ့အရာလဲ သူ့နေနဲ့သူပေါ့
အားလုံးကတော့ အသုံးဝင်မှုတွေရှိနေတာပဲနော်
ဇူးဇူးရေ ... တင်ပြသွားတာလေးတွေ ကောင်းပါတယ်။ သေချာတာကို သေချာနေတဲ့အတိုင်း၊ တွေဝေနေတာကို တွေဝေနေတဲ့အတိုင်း ... ဖော်ပြဖွဲ့ဆိုထားတော့ ဖတ်ရတာ ကောင်းတယ်။ စာတွေ ဆက်ရေးပါ။ ပြောချင်တာတွေ ရေးလိုက်ရတော့ ပေါ့သွားမှာပေါ့။
Post a Comment