Pages

Thursday, September 29, 2011

ဝဲဂယက်ဝယ်...

တစ်နေ့ပြီး တစ်နေ့ အချိန်တွေကသာ ကုန်မြန်လာတယ်။ ကျွန်မကတော့ ရုံးက Booth လေးအတွင်းမှာသာ စာရင်းတွေ တကုပ်ကုပ်လုပ်ရင်း အချိန်တွေ ကုန်နေခဲ့တော့တယ်။ မိုးလင်းရင် လမ်းတဖက်ခြားတဲ့ ရုံးကို ကျွန်မ လမ်းလျှောက်သွားမယ်။ မိုးချုပ်ရင် လမ်းတဖက်ခြားနေတဲ့ ကျွန်မ ခိုလှူံရာနေရာလေးကို ပြန်မယ်။ ပြန်ရောက်ရင် ၆ လတခါ အကျဉ်းကျသလို ခံစားရမယ့် ၃ နာရီကြာ စာမေးပွဲအတွက် ပြင်ဆင်ရမယ်။ ဒါကတော့ သမားရိုးကျလွန်းတဲ့ ကျွန်မရဲ့  နေ့စဉ်ဘ၀လေးပါပဲ။

(၁)
ကျွန်မရုံးသွားရာ လမ်းလေးက ရာသီတွေသာ ပြောင်းသွားတယ်။ ကျွန်မ လှပတဲ့ မနက်ခင်းလေးတွေကို အသိအမှတ်ပြုဖို့ မေ့လျော့ဖြစ်ခဲ့တာ ကြာပြီ။ တနေ့တနေ့ စဉ်းစားဖြစ်တာက လချုပ်တွေ တင်ဖို့၊ Cash Flow ဆွဲဖို့၊ ကြွေးတောင်းဖို့၊ မရရင်လည်း ဘယ်လို ရှင်းရမလဲ စတာတွေနဲ့ပဲ အတွေးတွေလည်း နွမ်းနယ်နေလို့။ ငွေလိုရင်လည်း သူဌေးက ကိုယ့်ဆီပဲ လာဦးမယ်လေ။ ဒီတော့ ကိုယ့်ပိုက်ဆံ မဟုတ်ပေမယ့် ပိုက်ဆံရရင် ပျော်လို့။ ဒီလို အတွေးက မအားရတဲ့ ကြားက လွတ်သွားတဲ့ စိတ်က ခရီးထွက်ဖို့ပဲ စဉ်းစားနေမိလို့ မနည်းတားထားရပြန်တယ်။ ဒီမနက်တော့ ကောင်းကင်က တိမ်တွေ အုံ့ဆိုင်းလို့။ မိုးကလည်း ရွာမယောင်။ လေတိုက်လိုက်တော့ သစ်ပင်က ခွဲထွက်လာတဲ့ သစ်ရွက်လေးတွေက ၀ဲကျနေပြန်တယ်။ အတွေးတွေ ရှင်းနေလို့လားတော့ မသိ၊ မနက်ခင်းဟာ တော်တော် သာယာမှန်း ကျွန်မ သတိထားမိသည်။ တကယ်တော့ သာယာတဲ့ မနက်ခင်းတွေ မပြောင်းမလဲ တည်ရှိနေမှာပါ။ ကျွန်မ စိတ်တွေက ဖိစီးမှု့တွေအောက်မှာ နစ်မြုပ်နေတာ ဖြစ်မှာ။ တခါတလေကျရင် ကျွန်မတို့ စိတ်က လက်မခံတဲ့အခါ မြင်နေရပေမယ့်လည်း ကျွန်မတို့ ခံစားခွင့် မရနိုင်တာ ဖြစ်ကြရတာပါပဲ။

(၂)
အလုပ်ဆိုတာကတော့ ကျောင်းတက်တုန်းကလောက် ပျော်စရာ၊ သက်သာစရာ မကောင်းလှပါဘူး။ နောက်ပြီး ဖြူစင်တဲ့. သန့်ရှင်းတဲ့ ပြိုင်ဆိုင်မှု့တွေချည်း ရှိတဲ့ နေရာလို့လည်း မဆိုနိုင်ပြန်ပါဘူး။ တခါတလေ အလုပ်မှာ အထစ်အငေါ့ရှိပြီဆိုတာနဲ့ တစ်ယောက်ကို တစ်ယောက်အပြစ်တင်လွဲချကြတဲ့ Blame Game တွေလည်း ရှိတတ်တာပဲ။ အမြဲ အပြစ်ပုံချတဲ့ လူတစ်ယောက်ကို ဘာလို့ တလေးတစား Email ပြန်နေရတာလဲ ဆိုတဲ့ ကျွန်မ လုပ်ဖော်ကိုင်ဖက်ရဲ့  အမေးကို ကျွန်မ ရုတ်တရက်တော့ မဖြေနိုင်ဘူး။ ကျွန်မ စဉ်းစားတယ်။ စိတ်ထဲ စွဲသွားတဲ့ သူ့အမေးကို နောက်နှစ်ရက်လောက် ကြာမှ ကျွန်မ အဖြေရတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့  အပြုအမူက သူ့ကိုယ်သူ သတ်မှတ်တာပဲ ဖြစ်တယ်။ တမင်တကာ ပြန်လိုချင်တဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ပေမယ့် ကျွန်မလည်း သာမာန်လူတစ်ယောက်ပဲ ဆိုတော့ လေးစားမှု့ကို လိုလားတယ်။ မှန်လိုမျိုး ကိုယ်ပြုမူတိုင်း ပြန်ရဖို့ မသေချာပေမယ့် ကိုယ်က သူတပါးကို မလေးစားရင် ကိုယ့်ကိုလည်း ဘယ်သူမှမလေးစားနိုင်ဘူးဆိုတာ ကျွန်မ သတိထားမိခဲ့တယ်။

(၃)
စနေ. တနင်္ဂနွေကတော့ သူများတွေ မျှော်သလိုပဲ ကျွန်မလည်း မျှော်နေမိတယ်။ စနေနေ့ရောက်ရင် ကျွန်မဟာ ကျောင်းသူ ပြန်ဖြစ်သွားပြီး တနင်္ဂနွေနေ့ ရောက်ရင်တော့ ကျွန်မက ဆရာမ ဖြစ်သွားပါတယ်။ အဲဒီစာသင်ခန်းထဲက ဘ၀နဲ့ နီးစပ်ခွင့်ရနေတဲ့ အတွက်ကြောင့်ပဲ ကျွန်မရဲ့  Weekend က ပိုပြီး အဓိပ္ပါယ် ပြည့်စုံသွားတယ် ထင်တယ်။ ပထမအရွယ် ကျောင်းသူမျိုး မဟုတ်တော့တဲ့အခါ ဆယ်ကျော်သက်အရွယ်ကလောက် စိတ်ပေါ့ပေါ့ပါးပါး မဖြစ်တော့တာတော့ အမှန်ပါပဲ။ အတန်းပြီးတော့ ပြောဖြစ်ကြတာက အလုပ်ထဲက Stress ကို ဘယ်လို ဖြေဖျောက်ကြမလဲဆိုတာပဲ။ တစ်ယောက်တစ်မျိုး အဖြေထွက်လာပေမယ့် ကျွန်မရဲ့  Destress လုပ်တဲ့ နည်းလမ်းကတော့ အလုပ်ကို သွားရင်လည်း ကျောင်းသွားတက်တယ်လို့ ခံစားလိုက်တာပါပဲ။ အလုပ်က ကျောင်းလို အမှားမခံတဲ့ နေရာဖြစ်တဲ့ အတွက် ဘ၀အတွက် အကောင်းဆုံး သင်ကြားရာ နေရာတစ်ခုလို့ပဲ မှတ်ယူထားဖြစ်တယ်။

ဘယ်လောက်ပဲ အလုပ်ကို ကျောင်းလို သဘောထားသွားပေမယ့်လည်း သောကြာနေ့ညဆိုရင် ပျော်သလောက် တနင်္ဂနွေနေ့ညဆို ကျွန်မ စိတ်ထဲမကောင်းတော့။ Monday Sick က Sunday Night ကတည်း ကြိုရနေတာပဲ ဖြစ်မယ်။ ဒါပေမယ့် ဘ၀ဆိုတာ စိန်ခေါ်မှု့တွေနဲ့ ပြည့်နှက်နေသလို အချိန်ကလည်း ဘယ်သူ့ကိုမှ မစောင့်။ ဒီတော့ မလုပ်ခဲ့တာတွေအတွက် နောင်တ မရချင်ခဲ့သလို လက်ရှိအသက်အရွယ်နဲ့ လုပ်သင့်တာကို လုပ်ခွင့်ရဖို့ ဒီလိုစိန်ခေါ်မှု့တွေကြားထဲမှာပဲ လိုလားမှု့တွေ၊ ဆန္ဒတွေ၊ ယုံကြည်ရာတွေနဲ့ ကျွန်မကတော့ ဒီဝဲဂယက်ထဲ တ၀ဲဝဲလည် ရှိနေရဦးမယ်မလား။

***ဇူးငယ်***

4 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဖြစ်ရိုးဖြစ်စဉ်လေးပေမဲ့ အားလပ်ရက်ကလေးကိုတော့ လူတိုင်း မက်မောတတ်ကြပါတယ်။ ဘ၀အမောတွေကြားမှာ တစ်ခါတစ်လေတော့လဲ ရာသီဥတုအလှအပကို ဘယ်သတိထားနိုင်ပါ့မလဲ။ မြင်တတ်ရင်တော့ သဘာဝတရားတွေက မက်မပြေနိုင်စရာပါ။


ခင်မင်လျှက်

အရှင်ကုသလသာမိ said...

တကယ်လုပ်ရသူတော့ ဘယ်လိုနေမလဲ မသိ။ ဖတ်ရသူတောင် မောသွားတယ်။ ဘာပဲဖြစ်ဖြစ် ဒါဘ၀ပဲလေ။ ဘ၀မှာ စိတ်ညစ်စရာတွေ၊ မပျော်ရွှင်စရာတွေ၊ မလိုချင်တာတွေ ပြည့်နေသလို အခြားတစ်ဖက်မှာ ကြည်နူးစရာတွေ၊ ပျော်ရွှင်စရာတွေကလည်း ပြည့်နေတတ်တာပဲ။ ကိုယ်က လှမ်းဆုပ်ဖို့တော့ လိုတာပေါ့။ ဇူးဇူး ပြောတဲ့ မနက်ခင်းလေးလိုပေါ့ ...

မြသွေးနီ said...

ဟုတ်တယ်...။
တစ်ခါတစ်ခါ စက်ရုပ်တွေလိုပဲလို့ ကိုယ့်ကိုယ် ခံစားမိတယ်။ ဒါပေမယ့် လုပ်ချင်တာလေးတွေ လုပ်ထွင့်ရနေသေးတာ ဆိုတော့ တော်သေးတာပေါ့။ အနည်းဆုံး အခုလို ၀ါသနာပါတဲ့ ဘလော့တွေ ရေးနေနိင်သေးတယ်လေ..။
စိတ်အားမလျှော့နဲ့...။
တင်းထား...ညီမရေ..။

မေသိမ့်သိမ့် ကျော် said...

အလုပ်ကပညာသင်ပေးနေတာ မဆုံးနိုင်ပါဘူး။ တစ်ခါတစ်လေ ပျင်းရိငြီးငွေလာလွန်းလို့ အလုပ်ထွက်ပြီး တစ်နေရာရာကို ထွက်ပြေးချင်စိတ်ခနခန ပေါက်မိတယ်။ ဖိအားတွေများလွန်းလို့လေ။ ဘဝဆိုတာ ဒါပါလားဆိုတာ အတိုက်အခိုက်ခံလိုက် ၊ အမြှောက်အပင့်ခံလိုက်ရလိုက်နဲ့ သိသိလာတယ်။ ဒီလိုနဲ့ အသက်ကြီးလာတယ်။ သတိရလို့ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ပြောင်းလဲမှုတွေ အများကြီးပဲ။ ကိုယ်တိုင်လည်း ပြောင်းလဲနေတယ်။

ခင်တဲ့
မေသိမ့်

တံခါးလေး ခေါက်ခဲ့ပါ