Pages

Sunday, September 5, 2010

ရင်တွင်း...မီး

"ပချုပ်ဆိုင် ပြတင်းက ခန်းဆီးစ မလို့ ကြည့်လိုက်ရင် ကိုယ့်ရင်ဟာ ဘယ်သို့ရှိမယ် မင်းသိနိုင်မလားဟင်. xxxxx ....xxx
ထွက်ပြေးလည်း လွတ်ကို မလွတ်ပါ... အနှောင့်အယှက်က ဦးနှောက်ထဲမှာ..."

စိုင်းထီးဆိုင်ရဲ့  "သခင်ဆီ အပြေးပြန်လာမည်" သီချင်းလေးက ပျံလွင့်လို့။ အနှောင့်အယှက် က ဦးနှောက်ထဲမှာ.. သိပ်မှန်တဲ့ စကားပါလားလို့ အိမ့်တွေးလိုက်မိသည်။ အိမ့် ကြိုက်လွန်းသော တို့ဟူးနွေးကိုတောင် ဆက်မစားချင်တော့။ မြူနှင်းမကွဲမီကပင် ဈေးကွဲတတ်သော တောင်ပေါ်ဈေးလေးက ထွက်လာပြီး အိမ့် လမ်းချိုးလေး အတိုင်း ခွဲထွက်လာခဲ့သည်။ ဒီနေ့သည် ကျောင်းပိတ်ရက်မို့ ကျောင်းသွားစရာ မလို။ အိမ့် တစ်ယောက်တည်း ချမ်းစီးလှသော ဆောင်းမနက်ခင်းမှာ တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့တော့သည်။ တိုက်ဆိုင်မှု့ ရှိမှ သတိရတတ်တာ မဟုတ်တာဘဲလေ။ အချိန်တွေ ကြာပေမယ့် ၊ သူမသိနိုင်သော တမြေတရေမှာ ရှောင်ပုန်းခဲ့ပေမယ့် သူ အိမ့်ရင်ထဲမှာ ရှိနေဆဲ။ သြော် ထွက်ပြေးလည်း လွတ်ကို မလွတ်ပါဆိုတဲ့ သီချင်းစာသားအတိုင်းသာ။

"နောင်ပိန်ကျေးရွာ"
ရှမ်းပြည်မြောက်ပိုင်းက အေးချမ်းသော ရွာကလေး။ ခရိုင်မြို့ဖြစ်သော ကျောက်မဲမြို့နှင့် မဝေးလှ။ အိမ့်တို့ လစာထုတ်ရက်တွေဆို လိုအပ်တာတွေ ဝယ်ရန်ချမ်းရန် ကျောက်မဲမြို့ လေးကို နေ့ချင်းပြန် ကားနှင့် ဖြစ်စေ၊ ရထားနှင့် ဖြစ်စေ သွားလို့ရသည်။ ရွာကလေးက မကြီးသော်လည်း မသေးလှ။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသည်။ တောင်ပေါ်ဒေသကို ချစ်မြတ်နိုးသော အိမ့်အတွက် ဒီနေရာလေးသည် နားခိုချင်စရာ ကောင်းသော အရပ်။ သူမရှိသော သူ့ရဲ့  ကျင်လည်မှု့တွေ ကင်းသော အရပ်လည်း ဖြစ်သည်။ သို့သော် အိမ့်အတွေးတွေက သူနှင့် ဝေးရာသို့ ပြေး၍ မလွတ်သေး။

"ဆရာမ "
ခေါ်သံကြောင့် အိမ့်အတွေးတွေရပ်ပြီး လှည့်ကြည့်မိတော့ အိမ့်တပည့်လေး စိုင်းသီဟ ရဲ့  အဖေ ဦးခမ်းလွမ်နှင့် ဇနီး။
"ဆရာမ ထော်လာဂျီသံ တောင် မကြားဘူး။ အတွေးလွန်နေတယ် ထင်တယ်" ဦးခမ်းလွမ်ရဲ့  အမေးကို အိမ့် ရှက်ရယ်ရယ်လိုက်ရင်း
"ဒီလိုပါပဲ ဦးရဲ့ . ဒါနဲ့ ဘယ်သွားကြမလို့လဲ ဦး"
"တောင်ပေါ်ဘုရားလေ ဆရာမလည်း လိုက်ခဲ့ပါလား ဒီနေ့ ကျောင်းပိတ်ရက်ပဲလေ ဆရာမရဲ့  " အိမ့်ရဲ့  အမေးကို ဒေါ်ဒေါ်ကပဲ ဦးအောင် ဝင်ဖြေလိုက်ရင်း အိမ့်ကို ပျူဌာစွာ ဖိတ်ခေါ်နေသည်။ အိမ့် စိတ်တွေ အတွေးတွေနဲ့ မွန်းကြပ်နေမည့် အတူတူ ဘုရားရိပ်တရားရိပ်အောက်တွင် ခဏတာတော့ အေးချမ်းကောင်းပါလေရဲ့  လို့သာ တွေးမိရင်း အလိုလို ခေါင်းငြိမ့်ပြီးသား ဖြစ်သွားတော့သည်။

ထော်လဂျီ တဂျူန်းဂျူန်းမြည်နေပြီး စီးရသည်မှာလည်း တမျိုး။ ဘုရားသို့ သွားသော လမ်းကလည်း မြေနီလမ်း။ အပြောင်းအလဲမို့ အိမ့် ကြည်နူးသလို ခံစားရသည်။ အိမ့် တို့က ကျောင်းနှင့် နီးသော အဆောင်မှာသာ နေတာကြောင့် ကျောင်းကို လမ်းလျှောက်သွားရုံသာ။ ပတ်ဝန်းကျင်ကို ငေးကြည့်နေသော အိမ့်ကို ဒေါ်ဒေါ်က စကားစသည်။
"အိမ့် တောင်ပေါ်ဘုရား သမိုင်းအကြောင်းသိလား" ဒေါ်ဒေါ်က အားတက်သရော မေးနေသဖြင့် အိမ့် သိသင့်သလောက် သိသော်လည်း "မသိသေးဘူး ဒေါ်ဒေါ်" ဟုသာ ဖြေလိုက်ရသည်။

"အခု ဘုရားတည်ထားတဲ့ နေရာ လယ်ကွက်တွေက မြေးအဘိုးနှစ်ယောက် ပိုင်တာကွဲ့ ။ တစ်ရက်တော့ ကလေးက အပျင်းဖျားတာပြီး အိပ်မက်မက်တယ်။ ဒါပေမယ့် အဘိုးကတော့ ကလေး ကယောင်ခြောက်ခြားဖြစ်ပြီး ပြောတယ် ထင်တာပေါ့ကွယ်။ ကလေး က တနေ့တခြား အပြင်းဖျားတာ ပိုပိုဆိုးလာတယ်။ အဲဒါနဲ့ အဘိုးကလည်း မင်း အိမ်မက်ထဲက အတိုင်း ဘုရားတွေ ရှိတဲ့ နေရာသာ ပြပါတော့ အဘိုးတူးပါ့မယ်ဆိုပြီး ကလေးပြတဲ့ လယ်ကွက်ထဲက နေရာကို တူးလိုက်တာ အခု ရှေးဟောင်းဘုရားတွေ ရတာပါပဲကွယ်.. ကလေးလည်း ပြန်နေကောင်းသွားတယ်။ ဒီနေရာကိုလည်း ဘုရားတည်ဖို့ မြေးအဘိုးက လှူတယ်လေ "

ဒေါ်ဒေါ် ရှင်းပြနေစဉ်မှာပဲ အိမ့်တို့ တောင်ပေါ်ဘုရားကို ရောက်နေပြီ။ ဆရာတော်က ကံကံရဲ့ အကျိုးတရား အကြောင်းကို ဟောအပြီး ကလေးတွေကို မုန့်တွေ ဝေဖို့ ဒေါ်ဒေါ်လည်း အလုပ်ရှုပ်နေပြီ။ အိမ့်လည်း ကူညီလုပ်ကိုင်ပေးပြီး တုံးမောင်းရှိရာဖက်ကို ထွက်လာခဲ့သည်။ တုံးမောင်းရှိရာ အမြင့်ဆုံးဖက်ကနေ အိမ့် ပတ်ဝန်းကျင်ရှုခင်းကို လှမ်းမျှော်ကြည့်နေမိသည်။ သွယ်တန်းနေတဲ့ တောင်တန်း။ တောင်ယာမီးရှို့နေရာမှ မီးခိုးငွေ့တန်း။ မီးခိုးငွေ့တန်းကြောင့် ဆောင်းမြူနှင်းနှင့် မီးခိုးငွေ့က ခွဲခြား၍ ရနေသည်။ တောင်ယာရှင်းထားသဖြင့် မြေကွက်လပ်နီနီများ။ တောင်ယာလှေကားထစ်စိုက်ခင်းတွေ အစီအရီ။ ဘယ်လိုကြည့်ကြည့် မျက်စိပဒသာဖြစ်စရာ။ ပတ်ဝန်းကျင်ကို မိန်းမောစွာကြည့်နေရင်း သဘာဝအလှအပကို မြတ်နိုးသော သူ့ကို အမှတ်မထင် သတိရလိုက်မိသည်။

တကယ်တော့လည်း သူ့ကို လွမ်းလောက်အောင် အိမ့်က သူရဲ့  သက်ဆိုင်သူလည်း မဟုတ်ခဲ့။ ပိုင်ဆိုင်ခွင့်ရဖို့ ဆိုလျှင် ဝေးကွာလွန်းလှသည်။ သို့သော် သူ့နှင့် အိမ့်ကြား ပြောစရာမလိုလောက်အောင် နားလည်ခဲ့သည်။ သူ့မြတ်နိုးမှု့ကိုလည်း သူ့အပြုအမူတွေမှ တဆင့် အိမ့် ဖတ်နိုင်ခဲ့သလို အိမ့်ရဲ့  ကဗျာတွေ ၊ စာတွေမှ တဆင့် သူ့အပေါ်ခံစားမှု့ကိုလည်း သူနားလည်ပါလိမ့်မည်။ သံယောဇဉ်နှောင်ထုံးက မထုံးသော်လည်း နှောင်ခဲ့ပြီ။ မပြတ်သော်လည်း ရှောင်ခဲ့ရပြီ။

"အိမ့်ကို ပြောစရာရှိတယ်ကွယ်။ မမ မောင်လေးအတွက် သဘောတူထားတဲ့ မိန်းကလေး ရှိတယ်။ သူက အိမ့်လောက် မတော်ပါဘူး။ ဒါပေမယ့် သူက မမမောင်လေး အတွက်၊ မမတို့ မိသားစုအတွက်ကတော့ သင့်တော်တဲ့ မိန်းကလေးတစ်ယောက်ပါ။ မမ အိမ့်နဲ့ မောင်လေးကြားက သံယောဇဉ်ကို မြင်ပါတယ်။ အိမ့် နားလည်မှာပါ. မမ မောင်လေးက သားလိမ္မာတစ်ယောက် သိပ်ဖြစ်ချင်တယ်ဆိုတာ"

ပါးနပ်လှသော စကားဝိုင်းမှာ အိမ့် အသည်းနှလုံးသာ ဓားစာခံဖြစ်ပါစေတော့။ အိမ့် ပြုံးလိုက်သည်။ မာနတွေ ဝုန်းကနဲ ထတောက်သွားပေမယ့် အိမ့်အပြုံးမပျက်ခဲ့ပါ။ အကောင်းဆုံးဇာတ်သိမ်းလှဖို့ အတွက် အိမ့် ခံစားချက်တွေကို ကြိုတင်ပြင်ဆင်ခွင့်ပေးနိုင်ဖို့သာ ဆုတောင်းနေမိသည်။ အိမ့်ကလည်း အိမ့်မိသားစုရဲ့  ရတနာတစ်ပါးပါ။ ပွင့်လင်းရိုးသားမှု့နှင့် ရဲတင်းမှု့ ကို ခွဲခြားမမြင်နိုင်ခြင်းကို အိမ့် စိတ်ပျက်လှသည်။ မိန်းကလေးပီသမှု့အတွက် ဘယ်လိုစံချိန်စံညွှန်းတွေနှင့် သတ်မှတ်ထားသည်လည်းဆိုတာတော့ အိမ့် သိချင်နေသေးသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းနှင့် သူနားလည်ထားသော အိမ့် ခံစားချက်တွေနဲ့ ဆန့်ကျင်စွာသာ အိမ့်ပြောဖြစ်ခဲ့တော့ သူနားမလည်စွာ အိမ့်ကို ကြည့်နေခဲ့သည်။ အိမ့်ရင်ထဲမှာ သူမရှိခဲ့ ဟု သူနားလည်ပါစေတော့။ ဒါတွေက အခုတော့လည်း အဝေးက ပုံရိပ်တစ်ခုသာ။

ဟိုးခပ်ဝေးဝေးက မီးခိုးတန်းတွေ တရိပ်ရိပ်တက်လာသည်။ တောင်ယာမီး အားကောင်းနေတယ် ထင်ပါရဲ့ ။ အိမ့်ရင်ထဲက မီးကတော့ အားမကောင်းပေမယ့် ဖွဲမီးလို တငွေ့ငွေ့နဲ့ ကျွမ်းလောင်နေဆဲရယ်။

6 comments:

နေ၀သန် said...

ကျွန်တော့်ဇာတိပတ်ဝန်းကျင်လေးကို နောက်ခံထားပြီး ရေးဖွဲ့သွားတဲ့ အလွမ်းဇာတ်လမ်းလေးကိုဖတ်ပြီး မြင်ယောင်နေမိပါတယ်.....


ခင်မင်တဲ့
နေ၀သန်

~ဏီလင်းညို~ said...

ဇူးရေ့.......

ဝတ္တုလေးဖတ်လို့ကောင်းတယ်.....။
အဲ့ဒီအစ်မက တော်တော်ဆိုးတယ်......။
ကိုယ်ချင်းမစာတတ်ဘူး......း)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

naylinnhtun said...

တနင်္ဂနွေဈေးနေ့ တွေမှာတို့ ဟူးနွေးစားခဲ့တာ သတိရလိုက်တာဗျာ . .အခါအခွင့်သင့်ရင် နောက်တခါလောက်သွားစားချင်သေးတယ် . . .တောင်ပေါ်မြေလေးမှာလေ

ချော(အစိမ်းရောင်လွင်ပြင်) said...

အကြိုက်ဆုံး အရပ်က ကချင်နဲ့ ရှမ်းပြည်
အဲဒီဒေသအကြောင်းတွေရေးထားရင် ဖတ်မ၀ဘူး
ဟုတ်တယ် ၀ုန်းခနဲ ထတောက်တဲ့ မီးထက် တစ်ငွေ့ငွေ့လောင်ကျွမ်းတဲ့မီးက ခံရပိုဆိုးတယ်..
ဖွဲမီးတွေ လူတိုင်းရင်မှာ ငြိမ်းပါစေ။

မြစ်ကျိုးအင်း said...

ဇာတ်အိမ်ကို ခဏဖယ်ထားရင်တောင် တောင်ပေါ်ရှုခင်းတွေကိုက လွမ်းမောဖို့ ကောင်းနေတာညီမလေးရေ။
ပို့စ်လေးဖတ်ပြီး စိုင်းထီးဆိုင် သီချင်းကို ပြီးတဲ့အထိ နားထောင်နေမိတယ်။ ဘာကိုမှန်း မသိဘဲ လွမ်းမော သွားရတယ်။

ညလင်းအိမ် said...

ဝတ္ထုတိုလေးက လွမ်းမောဖွယ်ကောင်းလိုက်တာဗျာ ..

တံခါးလေး ခေါက်ခဲ့ပါ