Pages

Friday, November 11, 2011

လက်နှီးစုတ်

နိစ္စဓူဝ အကြောင်းကိစ္စ အမျိုးမျိုးနဲ့ စာမရေးဖြစ်ပြန်ဘူး။ ရေးစရာတွေ တွေးမိတော့လည်း အစသာ ရှိပြီး အဆုံးသတ်လို့ မရတဲ့ အတွေးတွေနဲ့ပဲ ရပ်တန့်သွားပါတယ်။ ဒါနဲ့ပဲ အတွေးက မုန့်လုံးစက္ကူကပ်ဖြစ်နေတာပါပဲ။ ကျွန်မရေးခဲ့ဖူးတဲ့ ကဗျာဟောင်းတွေ ပြန်ဖတ်တယ်။ ကဗျာရေးချင်စိတ် ဖြစ်ပေမယ့် နူးညံ့တဲ့ အသံတွေ ထွက်မလာဘူး။ သူများဘလော့တွေ လျှောက်လည်တယ်။ ကိုယ်ရေးတဲ့ စာကို အားမရလို့ သူများစာပဲ လိုက်ဖတ်နေဖြစ်တယ်။ ကျွန်မရဲ့  နှလုံးသားက အေးစက်နေသလို ဦးနှောက်ကလည်း မနိုးထလာဘူး ထင်တယ်။ ဒါနဲ့ပဲ စာမျက်နှာပေါ်မှာ ဘာမှ ချမရေးဖြစ်တာ ကြာသွားတော့တယ်။

ဒီနေ့တော့ စာရေးမယ် စိတ်ကူးရင်း  စဉ်းစားဖူးတဲ့ အကြောင်းလေးတစ်ခုကို ပြန်သတိရမိတယ်။
ဇာတ်လမ်းတွေမှာဆိုရင် မင်းသား၊ မင်းသမီးတွေက ဇာတ်နာလေ ပရိတ်သတ်က သနားလေ၊ လူကြမ်းကို မုန်းလေ အဲလို ဖြစ်တတ်ကြတာများပါတယ်။ ကျွန်မကတော့ ဘ၀မှာ ကြည့်ပျော်ရှူ့ပျော်လောက်တော့ ဇာတ်နာချင်တယ်။ အရမ်းကြီး ဇာတ်နာတော့လည်း မခံနိုင်မှာ စိုးရိမ်သေးတယ်။ ဒီလိုမျိုးပြောလို့ သနားအောင်၊ မင်းသမီးလို စိတ်ကူးယဉ်တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်မ ငယ်ငယ်လေးကတည်းက သဘောကျတာက လူကြီးတွေ စကားပြောနေရင် ငါ ငယ်ငယ်တုန်းက ဘယ်လို ကြိုးစားခဲ့ရတာဆိုတဲ့ အပြောမျိုး၊ ပြီးတော့ ရေနံမြေသပိတ်အကြောင်း သင်ရတော့ မီးမရှိလို့ လမ်းဘေးမီးတိုင်အောက်မှာ စာကျက်ခဲ့ရတဲ့ အကြောင်းတွေ စတဲ့ ရုန်းကန်မှု့လေးတွေကို ကျွန်မ အားကျမိတယ်။ တကယ်ရုန်းကန်ခဲ့ရတဲ့ သူတွေကတော့ ပြောကြလိမ့်မယ်။ အဲဒီအရဿာက ခါးတယ်လို့။

ဒါပေမယ့် ကံကောင်းတယ်လို့ပဲ ဆိုရမလား။ နွေးထွေးအေးမြတဲ့ အရိပ်တစ်ခုအောက်မှာ ကျွန်မ ဘ၀က စာဖွဲ့လောက်အောင် ဇာတ်နာတဲ့ အထဲတော့ မပါခဲ့ဘူး။ ဒီတော့ မခါးပေမယ့် မချိုလှပါဘူးဆိုတဲ့ အရဿာကိုတော့ ကျွန်မ ဒုတိယသက်တမ်းထဲ ရောက်လာမှ ခံစားရတော့တာပါပဲ။ တပြည်တရွာမှာ မိုးခါးရေသောက်ပြီး အိမ်အပြန်ခက်မယ့် လမ်းတွေကို လျှောက်ရလိမ့်မယ်လို့ သုံးရာသီကျော်ပြီးမှ သေသေချာချာ ခံစားနားလည်တဲ့ ကျွန်မက ဘယ်လောက်များ နုံဖျင်းခဲ့သလဲ။ တွေဝေမှု့တွေ၊ မပြတ်သားတတ်မှု့တွေကို မုန်းတဲ့ ကျွန်မက နေရာတော်တော်များများမှာ တွေဝေနေတတ်ပြီ။ ဒါပေမယ့် ရင့်ကျက်မှု့တွေနဲ့ အတူ ကျွန်မ လက်ရှိဘ၀လေးမှာ နေပျော်အောင် လမ်းဖောက်၊ လမ်းလျှောက်နေမြဲ။ တချို့တ၀က်တွေက အရာမထင်ဘဲ ကျန်ခဲ့၊ တချို့တ၀က်တွေက အရိပ်ထင်ခဲ့၊ ကျန်ရစ်ခဲ့တဲ့ နာကျင်မှု့ ၊ ပျော်ရွှင်မှု့ အမှတ်တရတွေအတွက်လည်း ကျွန်မ ကျေနပ်နေတာပါပဲ။

တခါတရံ စိတ်ဓာတ်ကျသွားရင်တော့ ဖတ်ဖူးတဲ့ မဂ္ဂဇင်းထဲက စာသားလေးတချို့ကို ပြန်အမှတ်ရမိနေတတ်တယ်။ အဲဒီစာသားလေးက တက်ကျမ်းတွေ ဖတ်စရာမလိုဘဲ ကျွန်မကိုယ်ကျွန်မ အားပေးနိုင်ခဲ့တယ် ဆိုရမလားပဲ။ တခါတလေတော့လည်း ဘာရယ်မဟုတ်ဖတ်မိတဲ့ အကြောင်းအရာလေးကလည်း ခွန်အားအဖြစ်ပေးနိုင်တာပဲဆိုတာကိုလည်း တွေးမိပြန်တယ်။ အဲဒီဖြစ်ရပ်မှန် မှု့ခင်းမဂ္ဂဇင်းထဲက အကြောင်းအရာလေးက ရိုးရိုးလေးပဲ။ ချောမောလှပတဲ့ ဆေးကျောင်းသူလေးကို အတွင်းသိလူတစ်ယောက်က ၃၇၆ပြစ်မှု့ ကျူးလွန်ခဲ့တယ်။ နောက်ဆုံးမှာ အရှက်ကြီးရှက်ပြီး ကိုယ့်ကိုကိုယ့် သတ်သေဖို့ ကြိုးစားတဲ့ ကောင်မလေးကို အမေ ဖြစ်သူက ပြောတဲ့ စကားတစ်ခွန်းက " မဲညစ်ပေရေနေတဲ့ လက်နှီးစုတ်လေးကတောင် အပူဒဏ်ကို ကာကွယ်ပေးနိုင်သေးတာပဲ သမီးရယ်" တဲ့။ အဲဒီစကားလေးနဲ့ ကောင်မလေးက ဘ၀ကို ဖြတ်သန်းသွားတယ်လို့ အဆုံးသတ်ထားပါတယ်။ ကျွန်မက အဲဒီစကားကို အရမ်းသဘောကျတာပါ။

ကျွန်မတို့တွေဟာ မဲညစ်ပေရေနေတဲ့ လက်နှီးစုတ်တစ်ခုလည်း မဟုတ်ဘူး။ ကျွန်မတို့ ဘ၀မှာ ထိုက်သင့်သလောက် မကျေနပ်နိုင်ရင်တော့ ကျွန်မတို့ အမြဲဆုံးရှူံးနေရဦးမှာပါပဲ။ ပျော်ရွှင်မှု့ထက် ၀မ်းနည်းစရာ၊ နာကြည်းစရာတွေကို ပိုမှတ်မိတတ်တာလည်း လူ့သဘာဝပါပဲ။ အဲဒီဝမ်းနည်းကြေကွဲစ့ရာတွေကို သာ တမ်းတပြီး ကျွန်မတို့ဟာ ဘာမှ မလုပ်နိုင်တဲ့ သူတွေ၊ ဘာမှ အရေးမပါတဲ့ နေရာမှာ ရှိတဲ့သူတွေလို့ ကိုယ့်ကိုကိုယ် မြင်နေမယ့်အစား ကျွန်မတို့ မလုပ်နိုင်တဲ့ အရာတွေအတွက် ပူဆွေးမနေဘဲ ကျွန်မတို့ လုပ်နိုင်တဲ့ အရာလေးတွေကိုသာ လုပ်သွားကြရင်....။ သေချာပါတယ်။ ကျွန်မတို့ဟာ လက်နှီးစုတ်တွေမှ မဟုတ်ဘဲ။

ဟုတ်ပါတယ်။ ဒီစကားလေးနဲ့ ကျွန်မလည်း ကိုယ့်ကိုကိုယ် အားပေးရင်း စာတစ်ပုဒ်ရေးလိုက်တာပါ။ ဒီနေ့ ကျွန်မရေးတဲ့ စာကတော့ အဆင်မချောတဲ့ လက်နှီးစုတ်တစ်ခုဖြစ်ရင်လည်း ဖြစ်မှာပါ။ အားလုံးအတွက် အတွေးတစ်ခုဖြစ်ခဲ့ရင် အပူဒဏ်ကို ကာကွယ်ရကျိုးနပ်မယ့် လက်နှီးစုတ်လေး အဖြစ်တော့ ကျွန်မရဲ့ မိုးစက်ပွင့်လေးထဲမှာ အမှတ်တရ သိမ်းထားဖြစ်မှာပါ။

***ဇူးငယ်***

Tuesday, October 18, 2011

အလွမ်းခါးခါး..

မိုးအကုန် ဆောင်းအကူး ရာသီဥတုက ညို့ညို့ ဆိုင်းဆိုင်း။ ခပ်သော့သော့ နှင်လာတဲ့ လေပြေနှင့်အတူ မိုးစက်မှုန်မှုန်လေးတွေက ကျွန်မခန္ဓာကိုယ်အနှံ့အပြားပေါ် တဖွဲဖွဲ။ ကောင်းကင်က တိမ်ညိုတွေ မရှိပါဘဲနဲ့ ကြည်ကြည်လင်မရှိလှသလို့ ကျွန်မ စိတ်တွေလည်း အလွမ်းနဲ့ အတူ  မှုန်မှိုင်းရီလို့။ မိုးစက်မှုန်လေးတွေရဲ့  အထိအတွေ့ကို ခေါင်းမော့ခံယူရင်း ကျွန်မ နာကျင်စွာ ပြုံးလိုက်မိသည်။ တကယ်တော့ မိုးရေထဲမှာ မျက်ရည်ကျတာကို ဘယ်သူမှ မသိနိုင်တာကြောင့်လည်း ကျွန်မ မိုးကို နှစ်သက်တာ ဖြစ်ချင်ဖြစ်မည်။ သို့ပေမယ့် အခုအချိန်မှာတော့ ကျွန်မအတွက် နှလုံးသားက နာကျင်စွာ ခံစားရသော်လည်း မျက်ရည်က ကျမလာတော့။ ဟုတ်ပါသည်။ ဟိုအရင်တချိန်တုန်းကလို ကျွန်မကလည်း သစ်ရွက်ကြွေတာကို စိတ်လှုပ်ရှားဖို့ကောင်းလောက်တဲ့ အရွယ် မဟုတ်ခဲ့ပြီပဲ။

မြက်ခင်းပြင်ကျယ်ကြီးကနေ လှမ်းကြည့်လိုက်ရင် တောင်တန်းတွေကို နောက်ခံထားတဲ့ အနီရောင် ဘူတာရုံလေးက ကောင်းကင်ပြာပြာ အောက်မှာ အထီးကျန်ဆန်စွာ ရပ်နေသလို။ နေညိုချိန် မောင်နှင့် တွေ့တဲ့ အချိန်တိုင်းတော့ ဒီမြင်ကွင်းက ကျွန်မအတွက်တော့ ကြည်နူးဆွတ်ပျံ့စရာ ပန်းချီကားတချပ် ဖြစ်လို့ နေခဲ့သည်။ ကျွန်မနှင့် မောင် ဆုံလိုက်တိုင်း မောင့်ပုခုံးကို မှီရင်း တမျှော်တခေါ် ဖြစ်နေတဲ့ ကောင်းကင်ကြီးကို နှစ်ဦးသား တိတ်ဆိတ်စွာ ထိုင်ကြည့်နေမိသည်။ တခါတလေမှာတော့ မောင့်မျက်နှာကို ငေးကြည်ရင်း တခါတရံမှာတော့ မောင့်လက်မောင်းကို ခိုးခိုးနမ်းရင်း အချိန်တွေကို အတူဖြတ်သန်းနေတတ်ခဲ့သည်။ ထိုစဉ်ကတော့ ကျွန်မတို့ နှစ်ယောက်ကြား စကားလုံးတွေ မလိုအပ်ခဲ့ ဟု ကျွန်မ မှားယွင်းစွာ ထင်မှတ် ယုံကြည်ထားခဲ့ဖူးတာ။ စင်စစ်တော့ ကျွန်မတို့ နှစ်ယောက်ရဲ့  ရင်တွင်းဘာသာ စကားတွေ မတူညီခဲ့ဘူးဆိုတာ ကျွန်မ အချိန်လွန်မှ သိခဲ့ရတာပါ မောင်။

"နှင်းတစ်ယောက်တည်းနဲ့ လူတိုင်းကို အသိပညာတွေ တိုးတက်လာအောင်လုပ်နိုင်မယ်လို့ နှင်းထင်နေသလား. သိပ်စိတ်ကူးမယဉ်ပါနဲ့ နှင်းရယ် "
မောင့်ရဲ့ ညှင်သာစွာ ဖြောင်းဖျမှု့သည်လည်း ကျွန်မနားတွင် နာကျင်စွာ ပဲ့တင်ကြားနေရဆဲ။ ကျွန်မရဲ့  ယုံကြည်ရာတွေဆီ မောင့်ဘ၀ထဲ သယ်ဆောင်ဖို့ အတွက်တော့ ကျွန်မကို သိပ်ချစ်သည်ဟု လေးလေးနက်နက်ပြောတတ်သော မောင်က လက်မခံနိုင်ခဲ့ပါ။  မောင်က ကျွန်မကို သူ့အရိပ်အောက်တွင်သာ ပွင့်လန်းခွင့်ရသော ပန်းလေးတစ်ပွင့် ဖြစ်စေချင်သည်။ ကျွန်မက ကျရာနေရာမှ ပွင့်နိုင်သည့် အလေ့ကျပန်းလေး တစ်ပွင့်ဖြစ်ချင်ခဲ့သည်။ မောင်က ချို့တဲ့ခဲ့သော ဘ၀အတွေ့အကြုံကြောင့် ငွေကြေးဥစ္စာကို ကြိုးကြိုးစားစား ရှာဖွေသလို ကျွန်မက ကျွန်မတတ်သည့်ပညာနှင့် မျိုးစေ့လေးတွေ ပျိုးချင်သည်။ ကျွန်မက ကျွန်မတို့ မွေးရပ်မြေကို လွမ်းဆွတ်ချိန်မှာ မောင်က မောင့်မျိုးဆက်အတွက် ကမ္ဘာတစ်ဖက်မှာ အခြေချဖို့ ကြိုတင် စဉ်းစားနေလေပြီ။ ကျွန်မက အချစ်ကို စိတ်ကူးယဉ်စွာ တမ်းတချိန်မှာ မောင်က နှစ်ကိုယ်တူဘ၀ ထူထောင်ဖို့ လက်တွေ့ဘ၀ထဲတွင် ပြင်ဆင်နှင့်ပြီ။

ကျွန်မတို့ ကြား ဘာတွေများ ခြားနားခဲ့ပြီလဲ မောင်။ ကျွန်မ မောင့်ကို မေးဖို့ မေးခွန်းတွေက လည်ချောင်းတစ်နေရာမှာပဲ တစ်ဆို့ပျောက်ဆုံးသွားတတ်သည်။ ဒီလိုမေးခွန်းတွေနှင့် အလေ့ကျမရှိတဲ့အခါ မောင့်နှင့်တွေ့တိုင်း ရည်ရွယ်ထားတဲ့ မေးခွန်းတွေက ကျွန်မကို သိမ်ငယ်သွားစေပြန်ပါသည်။ ကျွန်မ မာနက ခွင့်မပြုတာလည်း ဖြစ်နိုင်ပါသည်။ မောင် ခဏခဏ စွပ်စွဲပြောသလို ကျွန်မက တခါတရံ မာနကြီးတတ်သည်ပဲလေ။ ရုံးဆင်းချိန် ကျောင်းကိုယ်စီတက်ရသည့် ကျွန်မ နှင့် မောင်က Weekday တွေမှာ တွေ့ဖို့ မလွယ်လှ။ ရှားပါးလွန်းတဲ့ တနင်္ဂနွေမှာ ကျွန်မတို့ လူမှု့ရေးတွေ ကြား ဟန်ဆောင်နေဖြစ်ကြပြန်သည်။ တကယ်တော့ ချစ်သူဆိုတဲ့ အခေါ်အ၀ါ်က လွဲပြီး ကျွန်မတို့ကြားမှာ ပျောက်ဆုံးနေတဲ့ အရာတွေက မရေတွက်နိုင်အောင်။

"နှင်း.. နင့် မောင်ကို ပစ်မထားနဲ့ဦးနော်. ငါ သတင်းတွေ ကြားနေရတယ် သူ့ဂျူနီယာ ကောင်မလေးနဲ့"
သူငယ်ချင်းရဲ့  သတိပေးစကားက ကျွန်မကို မတုန်လှုပ်စေတာတော့ အမှန်။ ကျွန်မ မောင့်ကို ယုံကြည်နေသည်က တဖက်စွန်း မရောက်လှပေမယ့် မောင်သည် သစ္စာဖောက်သူ အဖြစ်တော့ နာမည်ခံချင်လိမ့်မည် မဟုတ်ဆိုတာကို ကျွန်မ သေချာစွာ သိနေသောကြောင့် ဖြစ်သည်။ သို့ပေမယ့် တွေးရင်း တွေးရင်း ဝေးရတော့မယ်ဆိုတဲ့ အသိကတော့ ကျွန်မကို ခြောက်ချားလာစေခဲ့တော့သည်။ တဖက်က သောင်ထွန်းဖို့ တဖက်က ကမ်းပြို ရသည်က ဓမ္မတာပဲ မဟုတ်လား မောင်။

"တကယ်တော့ ချစ်တာ တစ်ခုတည်းနဲ့တော့ မောင်တို့ ကြားမှာ ညှိနှိုင်းဖို့ မဖြစ်နိုင်ခဲ့ပဲ နှင်း"
(၇) နှစ်တာ ချစ်လာခဲ့သော မောင်က လမ်းခွဲစကားဆိုတော့လည်း ညှင်သာလွန်းနေပြန်သည်။ တွယ်ငြိလာတဲ့ သံယောဇဉ်အသစ်တခုအတွက် ကျွန်မဟာ မောင်နောက်ဆံငင်စရာ အကြောင်းတရားတစ်ခု မဖြစ်စေရပါဘူး။ ဒီလိုနေ့ရက်ကို ကျွန်မ တားမြစ်ချင်ပေမယ့် စိတ်မောစွာ စောင့်နေခဲ့ရသည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ မောင်။ မောင်ပြောသလိုဆို ကျွန်မတို့ နှစ်ယောက်လုံး ချစ်ခြင်းတရားကို အဖတ်ဆယ်ဖို့ ညှိနှိုင်းကြဖူးရဲ့ လားလို့ ကျွန်မ မေးလိုက်ချင်သည်။  ရင်ထဲမှာ ဗလောင်ဆူနေပေမယ့် မောင့်ကို နောက်ဆုံးအနေနှင့် အလှဆုံးဖြစ်အောင် ကျွန်မ ပြုံးပြနိုင်အောင် ကြိုးစားရသည်။ ထိုအပြုံးတွေမှာ နာကျင်မှု့တွေ မပါစေရ၊ လှောင်ရယ်မှု့တွေ မစွက်စေရ။ အဖြူစင်ဆုံးအပြုံးတစ်ပွင့်သာ ဖြစ်ပါစေတော့။ ထိုညနေကတော့ ကောင်းကင်က နီမြန်းနေခဲ့သလို ကျွန်မရင်မှာလည်း နာကျင်ဝမ်းနည်းမှု့တွေနဲ့သာ ပြည့်နှက်နေခဲ့သည်။ ထိုညသည်လည်း ကျွန်မအတွက်တော့ အနက်ဆုံး သန်းခေါင်တစ်ခု ဖြစ်ခဲ့သည်ဆိုတာကတော့ မောင်သိဖို့ မလိုအပ်တော့ပါလေ။

"မောင့်ကို မုန်းလိုက်ပါ..."
လမ်းခွဲမှု့အတွက် ဒီစကားတစ်ခွန်းနဲ့တင် လုံလောက်ပြီဟု မောင်ထင်နေခဲ့သလား။ ကျွန်မဟာ ချစ်တတ်ခဲ့ပေမယ့် မမုန်းတတ်ခဲ့သူ တစ်ယောက်ဆိုတာကိုတော့ မောင် သိဖို့ ကောင်းသည်ထင်သည်။ ကျွန်မ လူတစ်ယောက်ကို နာကြည်းမှု့တွေနဲ့ သတိတရ ရှိနေမှာကိုသာ အကြောက်ဆုံးဖြစ်သည်လေ။ ကျွန်မက ပုံစံခွက်ထဲက အချစ်တစ်ခုကို မလိုချင်ခဲ့တာ။ မောင်က အချစ်အတွက် ပုံစံခွက်တစ်ခုကို ဖန်ဆင်းခဲ့တာ။ ကျွန်မရဲ့  ချစ်ခြင်းတွေက မောင့်ရင်မှာ နေရာမရှိခဲ့တာကိုသာ ၀မ်းအနည်းဆုံးပါမောင်။ သတ်မှတ်ချက်တွေကြား အကြောင်းပြချက်တွေနှင့် ကျွန်မဟာ မောင့်ချစ်သူ ဖြစ်ခဲ့ရသည်လား။ ဒီတစ်ချက်ကိုတော့ ကျွန်မ ငြင်းခွင့်ရှိလျှင် ငြင်းချင်ပါသည်။ တစ်ချိန်ကတော့ ကျွန်မတို့ သိပ်ချစ်ခဲ့ကြဖူးသည်ပဲ။ ထိုအတွးသည် အာရုံတွေကို ခါးသီးစေတာကတော့ အမှန်ပင်ဖြစ်သည်။

တကယ်တော့ အလွမ်းရဲ့  နာကျင်မှု့ဆိုတာ အချစ်ရဲ့  နောက်ဆက်တွဲဟု  ကျွန်မ နားလည်ထားခြင်း မရှိတာပဲ မှားယွင်းမှု့ တစ်ခု ဖြစ်ပါလိမ့်မယ်။ အခုတော့ ဒဏ်ရာတွေက အစိမ်းသက်သက်မဟုတ်တော့။ အမာရွတ်အဖြစ်တော့ နှလုံးသားမှာ ကျန်နေဆဲပဲပေါ့လေ။ သို့ပေမယ့် အတ္တတွေ၊ ယုံကြည်မှု့တွေအတွက် နှလုံးသားကို နင်းခဲ့ရတဲ့ သူတွေအကြောင်း ကျွန်မ စာတစ်ကြောင်းလောက်တော့ ချရေးဖြစ်ဦးမယ် ထင်ပါရဲ့ ။

***ဇူးငယ်***
.

Thursday, September 29, 2011

ဝဲဂယက်ဝယ်...

တစ်နေ့ပြီး တစ်နေ့ အချိန်တွေကသာ ကုန်မြန်လာတယ်။ ကျွန်မကတော့ ရုံးက Booth လေးအတွင်းမှာသာ စာရင်းတွေ တကုပ်ကုပ်လုပ်ရင်း အချိန်တွေ ကုန်နေခဲ့တော့တယ်။ မိုးလင်းရင် လမ်းတဖက်ခြားတဲ့ ရုံးကို ကျွန်မ လမ်းလျှောက်သွားမယ်။ မိုးချုပ်ရင် လမ်းတဖက်ခြားနေတဲ့ ကျွန်မ ခိုလှူံရာနေရာလေးကို ပြန်မယ်။ ပြန်ရောက်ရင် ၆ လတခါ အကျဉ်းကျသလို ခံစားရမယ့် ၃ နာရီကြာ စာမေးပွဲအတွက် ပြင်ဆင်ရမယ်။ ဒါကတော့ သမားရိုးကျလွန်းတဲ့ ကျွန်မရဲ့  နေ့စဉ်ဘ၀လေးပါပဲ။

(၁)
ကျွန်မရုံးသွားရာ လမ်းလေးက ရာသီတွေသာ ပြောင်းသွားတယ်။ ကျွန်မ လှပတဲ့ မနက်ခင်းလေးတွေကို အသိအမှတ်ပြုဖို့ မေ့လျော့ဖြစ်ခဲ့တာ ကြာပြီ။ တနေ့တနေ့ စဉ်းစားဖြစ်တာက လချုပ်တွေ တင်ဖို့၊ Cash Flow ဆွဲဖို့၊ ကြွေးတောင်းဖို့၊ မရရင်လည်း ဘယ်လို ရှင်းရမလဲ စတာတွေနဲ့ပဲ အတွေးတွေလည်း နွမ်းနယ်နေလို့။ ငွေလိုရင်လည်း သူဌေးက ကိုယ့်ဆီပဲ လာဦးမယ်လေ။ ဒီတော့ ကိုယ့်ပိုက်ဆံ မဟုတ်ပေမယ့် ပိုက်ဆံရရင် ပျော်လို့။ ဒီလို အတွေးက မအားရတဲ့ ကြားက လွတ်သွားတဲ့ စိတ်က ခရီးထွက်ဖို့ပဲ စဉ်းစားနေမိလို့ မနည်းတားထားရပြန်တယ်။ ဒီမနက်တော့ ကောင်းကင်က တိမ်တွေ အုံ့ဆိုင်းလို့။ မိုးကလည်း ရွာမယောင်။ လေတိုက်လိုက်တော့ သစ်ပင်က ခွဲထွက်လာတဲ့ သစ်ရွက်လေးတွေက ၀ဲကျနေပြန်တယ်။ အတွေးတွေ ရှင်းနေလို့လားတော့ မသိ၊ မနက်ခင်းဟာ တော်တော် သာယာမှန်း ကျွန်မ သတိထားမိသည်။ တကယ်တော့ သာယာတဲ့ မနက်ခင်းတွေ မပြောင်းမလဲ တည်ရှိနေမှာပါ။ ကျွန်မ စိတ်တွေက ဖိစီးမှု့တွေအောက်မှာ နစ်မြုပ်နေတာ ဖြစ်မှာ။ တခါတလေကျရင် ကျွန်မတို့ စိတ်က လက်မခံတဲ့အခါ မြင်နေရပေမယ့်လည်း ကျွန်မတို့ ခံစားခွင့် မရနိုင်တာ ဖြစ်ကြရတာပါပဲ။

(၂)
အလုပ်ဆိုတာကတော့ ကျောင်းတက်တုန်းကလောက် ပျော်စရာ၊ သက်သာစရာ မကောင်းလှပါဘူး။ နောက်ပြီး ဖြူစင်တဲ့. သန့်ရှင်းတဲ့ ပြိုင်ဆိုင်မှု့တွေချည်း ရှိတဲ့ နေရာလို့လည်း မဆိုနိုင်ပြန်ပါဘူး။ တခါတလေ အလုပ်မှာ အထစ်အငေါ့ရှိပြီဆိုတာနဲ့ တစ်ယောက်ကို တစ်ယောက်အပြစ်တင်လွဲချကြတဲ့ Blame Game တွေလည်း ရှိတတ်တာပဲ။ အမြဲ အပြစ်ပုံချတဲ့ လူတစ်ယောက်ကို ဘာလို့ တလေးတစား Email ပြန်နေရတာလဲ ဆိုတဲ့ ကျွန်မ လုပ်ဖော်ကိုင်ဖက်ရဲ့  အမေးကို ကျွန်မ ရုတ်တရက်တော့ မဖြေနိုင်ဘူး။ ကျွန်မ စဉ်းစားတယ်။ စိတ်ထဲ စွဲသွားတဲ့ သူ့အမေးကို နောက်နှစ်ရက်လောက် ကြာမှ ကျွန်မ အဖြေရတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့  အပြုအမူက သူ့ကိုယ်သူ သတ်မှတ်တာပဲ ဖြစ်တယ်။ တမင်တကာ ပြန်လိုချင်တဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ပေမယ့် ကျွန်မလည်း သာမာန်လူတစ်ယောက်ပဲ ဆိုတော့ လေးစားမှု့ကို လိုလားတယ်။ မှန်လိုမျိုး ကိုယ်ပြုမူတိုင်း ပြန်ရဖို့ မသေချာပေမယ့် ကိုယ်က သူတပါးကို မလေးစားရင် ကိုယ့်ကိုလည်း ဘယ်သူမှမလေးစားနိုင်ဘူးဆိုတာ ကျွန်မ သတိထားမိခဲ့တယ်။

(၃)
စနေ. တနင်္ဂနွေကတော့ သူများတွေ မျှော်သလိုပဲ ကျွန်မလည်း မျှော်နေမိတယ်။ စနေနေ့ရောက်ရင် ကျွန်မဟာ ကျောင်းသူ ပြန်ဖြစ်သွားပြီး တနင်္ဂနွေနေ့ ရောက်ရင်တော့ ကျွန်မက ဆရာမ ဖြစ်သွားပါတယ်။ အဲဒီစာသင်ခန်းထဲက ဘ၀နဲ့ နီးစပ်ခွင့်ရနေတဲ့ အတွက်ကြောင့်ပဲ ကျွန်မရဲ့  Weekend က ပိုပြီး အဓိပ္ပါယ် ပြည့်စုံသွားတယ် ထင်တယ်။ ပထမအရွယ် ကျောင်းသူမျိုး မဟုတ်တော့တဲ့အခါ ဆယ်ကျော်သက်အရွယ်ကလောက် စိတ်ပေါ့ပေါ့ပါးပါး မဖြစ်တော့တာတော့ အမှန်ပါပဲ။ အတန်းပြီးတော့ ပြောဖြစ်ကြတာက အလုပ်ထဲက Stress ကို ဘယ်လို ဖြေဖျောက်ကြမလဲဆိုတာပဲ။ တစ်ယောက်တစ်မျိုး အဖြေထွက်လာပေမယ့် ကျွန်မရဲ့  Destress လုပ်တဲ့ နည်းလမ်းကတော့ အလုပ်ကို သွားရင်လည်း ကျောင်းသွားတက်တယ်လို့ ခံစားလိုက်တာပါပဲ။ အလုပ်က ကျောင်းလို အမှားမခံတဲ့ နေရာဖြစ်တဲ့ အတွက် ဘ၀အတွက် အကောင်းဆုံး သင်ကြားရာ နေရာတစ်ခုလို့ပဲ မှတ်ယူထားဖြစ်တယ်။

ဘယ်လောက်ပဲ အလုပ်ကို ကျောင်းလို သဘောထားသွားပေမယ့်လည်း သောကြာနေ့ညဆိုရင် ပျော်သလောက် တနင်္ဂနွေနေ့ညဆို ကျွန်မ စိတ်ထဲမကောင်းတော့။ Monday Sick က Sunday Night ကတည်း ကြိုရနေတာပဲ ဖြစ်မယ်။ ဒါပေမယ့် ဘ၀ဆိုတာ စိန်ခေါ်မှု့တွေနဲ့ ပြည့်နှက်နေသလို အချိန်ကလည်း ဘယ်သူ့ကိုမှ မစောင့်။ ဒီတော့ မလုပ်ခဲ့တာတွေအတွက် နောင်တ မရချင်ခဲ့သလို လက်ရှိအသက်အရွယ်နဲ့ လုပ်သင့်တာကို လုပ်ခွင့်ရဖို့ ဒီလိုစိန်ခေါ်မှု့တွေကြားထဲမှာပဲ လိုလားမှု့တွေ၊ ဆန္ဒတွေ၊ ယုံကြည်ရာတွေနဲ့ ကျွန်မကတော့ ဒီဝဲဂယက်ထဲ တ၀ဲဝဲလည် ရှိနေရဦးမယ်မလား။

***ဇူးငယ်***

Friday, September 23, 2011

"သို့... ဧရာဝတီ.."

ဧရာဝတီဟာ....
လူပြော သူပြောများတဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ခဲ့ဘူး...
ဧရာဝတီဟာ...
အတ္တနဲ့ ယှဉ်တဲ့ ရောဂါဆန်းမဟုတ်ဘူး...

ဧရာဝတီဟာ...
ငါတို့ရဲ့  ချစ်ခြင်းအလင်္ကာ...
သမိုင်းအဆက်ဆက်ကို သူ့ပုံခုံးနဲ့ ထမ်း...
သူ့ဝန်တာ ကျေခဲ့တယ်...

အခုတော့...ဧရာဝတီရယ်...
လူထုဆန္ဒ မရှိတဲ့
ငါချစ်တဲ့ မြေမှာ..
လူတစ်စု ဆန္ဒနဲ့...
ဧရာဝတီဟာ ရေတိမ်နစ်ရှာရော့မယ်...

ဒါပေမယ့်.. ဧရာဝတီ...
လူဆိုတာ ရက်စက်တတ်တယ်..
ကျေးဇူးလည်း ကန်းတတ်ကြတယ်...
ဧရာဝတီရေ.. မင်းမဆိုပါနဲ့ဦး..

အို.. ဧရာဝတီ...
အားတင်းလို့ စီးဆင်းပါ...
ရေကိုတားလို့ ရမယ့် တမံတွေက
ငါတို့ မျက်ရည်နဲ့ နှလုံးသွေးကို မပိတ်ဆို့နိုင်ဘူး...

အခုတော့ ဧရာဝတီရေ..
မင်းဟာ..
ငါတို့ ကြေကွဲခြင်းတွေနဲ့ တိုက်ယူရဦးမယ့်...
ငါတို့မြေရဲ့  ပြယုဂ်တစ်ခု။

(မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ လုံးဝ ကန့်ကွက်ပါကြောင်း..)

***ဇူးငယ်***

Monday, September 19, 2011

"အရှေ့တိုင်းရဲ့  ပုလဲဆီသို့..."

ငယ်ငယ်လေးကတည်းက ကျွန်မဘ၀က ခရီးသွားတစ်ယောက်လိုပဲ နေခဲ့ရတာ။ ကျွန်မ ဖေဖေက ၀န်ထမ်းဆိုတော့ ကျွန်မ တစ်နှစ်သမီးကတည်းက ဟိုပြောင်း ဒီပြောင်းက စနေပြီ။ ရန်ကုန်မှာ အခြေချပေမယ့် ခရီးပျော်ဖြစ်တဲ့ ကျွန်မကတော့ ဖေဖေတာဝန်ကျရာကို လိုက်ပါမြဲ။ ဒါကြောင့် ရန်ကုန်ကနေ ပဲခူးသွားတယ်ဆိုတာ ခရီးလို့ကို မသတ်မှတ်ဖြစ်။ အနည်းဆုံး ပြည်မြို့လောက် သွားမှသာ ကျွန်မက ခရီးထွက်တယ်လို့ သတ်မှတ်တာ။ ဒီတော့လည်း ကျွန်မက အခွင့်အခါသင့်တိုင်း ခရီးသွားဖို့ ချောင်းနေတဲ့ သူတစ်ယောက်လို့ ဆိုရင်လည်း မမှားလောက်ပါဘူး။

အခုတလော ကျွန်မ ခရီးတခုခု သွားချင်တယ်။ အကြောင်းအရာအမျိုးမျိုးနဲ့ ခရီးစဉ်က ခဏခဏ ပျက်တာကိုလည်း စိတ်ထဲ မချင့်မရဲနဲ့။ ကျွန်းတစ်ကျွန်းပေါ်မှာ အလုပ်ရဲ့  ကျေးကျွန်လို နေရတာကို ကျွန်မ မကြိုက်။ ရုံးနဲ့ အိမ်ကလည်း လမ်းကူးရုံလောက် အကွာအဝေး။ တစ်နေ့တစ်နေ့ ငြီးငွေ့စရာ။ ဒါက အကြောင်းပြချက်တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လိုရင်းကို ပြောရရင် အဓိကကတော့ ကျွန်မ ခရီးသွားချင်နေတာ။ ဒီလိုနဲ့ ပီနန်ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ ဦးဇင်းရဲ့  ကျေးဇူးကြောင့် ကျွန်မ Pearl of Orient လို့ တင်စားခေါ်တဲ့ Penang မြို့လေးကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့တော့တယ်။

သွားတော့လည်း သွားခါနီးမှ ကားလက်မှတ်ဖြတ်တာမို့ လက်မှတ်ကို နှစ်ဆပေးပြီး ၀ယ်လိုက်ရတယ်။ အစီအစဉ်က ညံ့မိပြီကိုး။ ထားလိုက်တော့။ သင်ခန်းစာ အနေနဲ့ပဲ ထပ်မှတ်လိုက်တယ်။ (မပြီးဆုံးသော သင်ခန်းစာတွေး))။ အရေးထဲ ထိုင်ခုံပေါ် ရေဗူးမှောက်လို့ တစ်ညလုံး အဲကွန်းအောက်မှာ ရေစိုစိုနဲ့ အိပ်ရတာ မပျော်တ၀က်၊ ပျော်တ၀က်။ အဲဒါကလွဲပြီး ခရီးစဉ်တလျှောက် ချောချောမောမောပါပဲ။ လမ်းခရီးတလျှောက် မိုးရွာနေတာမို့ ကားက ခန့်မှန်းထားတာထက် ပိုပြီး နောက်ကျသွားပါတယ်။ ကျွန်မ ရောက်တော့ နံနက် (၈) နာရီ။ ဦးဇင်းက ရောက်နေတာ (၇) နာရီကတည်းက တဲ့။ ဘုန်းဘုန်းပြောသလို ကျွန်မက မိုးပါ တခါတည်း ခေါ်လာမိတာကိုး။

ရောက်ရောက်ချင်း ခဏနား၊ ရေမိုးချိုးပြီးတာနဲ့ ဘုန်းဘုန်းရဲ့  စီစဉ်ပေးမှု့နဲ့ ဘုန်းဘုန်းရဲ့  ဒကာနှင့် ဒကာမဖြစ်တဲ့ Malaysian နှစ်ယောက်က လိုက်ပို့ပါတယ်။ ပထမဦးဆုံးသွားဖြစ်တဲ့ နေရာက ပီနန်မြို့  နာမည်ကြီးနေရာ Kek Lok Si Temple ကိုပါပဲ။ ကွမ်ရင်ကျောင်းလို့လည်း ခေါ်ကြပါတယ်။ ကွမ်ရင်ကျောင်းက သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကနေ တက်ရင်တော့ စောင်းတန်းကနေ စတက်ရတယ်ဆိုရမလားပဲ။ နောက်တော့မှ တဆင့်ချင်း တဆင့်ချင်း ဘုရားကျောင်းဆောင်တွေက တောင်ပေါ် တလျှောက် တည်ထားတာပါ။

ယဉ်ကျေးမှု့ ရောယှက်နေတဲ့အတွက် ဘုရားရုပ်ထုတွေကတော့ တမျိုးတဘာသာ ဆန်းကြယ်နေပါတယ်။

ဒါကတော့ ဘုရားကျောင်းကို အပြင်ဖက်က ရိုက်ထားတာပါ။ အနောက်ဘက် တောင်တန်းကို မြူတွေဆိုင်းနေပုံက လွမ်းစရာ။ ကျွန်မ နေခဲ့ဖူးတဲ့ ရှမ်းပြည်က တောင်တန်းတွေကို လွမ်းမိသေးတယ်။

ဒါကတော့ အပေါ်ဆုံးသုံးဆင့်မြောက် ကွမ်ရင် ကျောင်းရှေ့က ကျောက်ဆစ်လက်ရာတချို့ပါ။

ကွမ်ရင်တောင်ပေါ် လည်ပတ်လို့ ပြီးတာနဲ့ ကျွန်မတို့ Snake Temple ကို သွားကြပါတယ်။

ဒါကတော့ ဘုရားရှေ့က ကြိမ်ခွေပေါ် ရစ်ပတ်နေတဲ့ မြွေတွေပါ။

နောက်တော့ မြွေတွေကို လှည့်ပတ်ကြည့်ရှူ့ပြီး မြွေ အစာကြွေးတာကို ပြနေတာ သွားကြည့်ပါတယ်။ ကြည့်ရင်းနဲ့လည်း အရှင်လတ်လတ် အမြိုခံရတဲ့ ကြက်နဲ့ အစားတစ်လုတ်အတွက် ပင်ပန်းဆင်းရဲစွာ စားနေရတဲ့ မြွေကို ကြည့်ရင်း ကျွန်မကတော့ သံဝေဂလို့ ဆိုရမလား ခံစားချက်တစ်မျိုးရလို့။ (ဓာတ်ပုံရိုက်လာပေမယ့် မတင်တော့ဘူး။ စိတ်ထဲ တမျိုးဖြစ်လို့)

ဒုတိယနေ့ကျတော့ ကျွန်မတို့ကို ဘုန်းဘုန်းက ပြတိုက်နှင့် ရှေးဟောင်း ဗုဒ္ဓသာသနာ ထွန်းကားခဲ့တဲ့ သက်သေ၊ နှစ်ပေါင်းတစ်ထောင်ကျော်က လက်ရာတွေကို လေ့လာဖို့ Bujang က ပြတိုက်ကို လိုက်ပို့ပါတယ်။
ဒါက ပြတိုက်ထဲက ရှေးဟောင်း ဘုရားရုပ်ထုတွေပါ..

တချိန်တုန်းက ဗုဒ္ဓဘာသာထွန်းကားခဲ့တာ မငြင်းနိုင်တဲ့ အချက်ပါပဲ။ ဘာကြောင့် ဘာသာတရားမှေးမှိန်သွားတာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ အတွေးဆန့်နေဆဲ။

တောင်ကုန်းလေးပေါ်မှာ ရှိတဲ့ ပြတိုက် ရှေ့နားလေးက တောင်ကျချောင်းလေးကလည်း ရေကူးချင်စရာ။ (ကျိုက်ထီးရိုးက ရေတံခွန် ကိုတောင် သတိရသေး)း)

Bujang ကနေ အပြန်ကျတော့ Penang Hill သွားချင်ပေမယ့် ကျွန်မ ခေါ်လာမိတဲ့ မိုးက အညှိုးတကြီးနဲ့ သည်းသည်းမည်းမည်းကို ရွာချနေလေရဲ့ ။ ဒါနဲ့ပဲ နောက်နေ့ (ပြန်မယ့်နေ့) မှ သွားမယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။ မနက်ဖြန်ရော မိုးက စဲမှ စဲပါ့မလား အတွေးတွေနှင့်။ စိတ်ထဲကတော့ ဒီမိုးကို တားလို့ ရရင် တားထားလိုက်ချင်ရဲ့။
ဒါကတော့ ပြန်မယ့်နေ့ မနက်ပိုင်းမှာတော့ ပီနန်ဘုန်းကြီးကျောင်းက မြင်ကွင်းတချို့ကို ရိုက်ထားတဲ့ပုံတွေပါ။ ကျောင်းပရ၀ဏ်ထဲ ရောက်ရင် တကယ့် ကိုယ့်မြေကိုယ့်ရေကို ပြန်ရောက်သွားသလိုပါပဲ။

ဒါကတော့ မြန်မာကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ထိုင်းကျောင်းထဲ သီတင်းသုံးနေတဲ့ ရွှေသာလျောင်းဘုရားဆင်းထုတော်ပါ။

နေ့လည် ထမင်းစားပြီးတော့ Penang Hill ကို သွားပါပြီ။ အရင်တုန်းက မျက်နှာဖြူ အရာရှိတွေ လာရောက်အပန်းဖြေတဲ့ တောင်ပေါ်ရထားလမ်းမှာ ဘူတာရုံဟောင်းလေးရှိနေဆဲ။

ပီနန်တစ်မြို့လုံးကို တိမ်တွေရဲ့  အောက်ဖက်ကနေ လင်းတ၀က် ကွယ်တ၀က်နဲ့ တွေ့လိုက်ရတယ်။ ပီနန်တံတားကြီးနဲ့ သိပ်လှတဲ့ သဘာဝအလှကို ငေးကြည့်ရင်း ပျောက်ကွယ်တော့မယ်ဆိုတဲ့ ကျွန်မတို့ရဲ့  သဘာဝမိခင် ဧရာဝတီကို မဆီမဆိုင် တမ်းတနေမိတယ်။ (ကျွန်မက အဲဒီလို မဆီမဆိုင်တွေကိုလည်း မရရအောင် ဆက်စပ်တွေးပစ်တတ်သူပါပဲ)

မပြန်ခင်တော့ ပီနန်ရဲ့ Laksa စားခဲ့သလို နာမည်ကြီးလို့ဆိုတဲ့ ပီနန် ဒူးရင်းသီးကိုလည်း ဦးဇင်းက ၀ယ်ကျွေးပါတယ်။ ဒူးရင်းသီးဆိုလိုက်တာနဲ့ ရင်ခုန်သံတွေမြန်ပြီး မျက်လုံးအရောင်တောက်သွားတတ်တဲ့ ကျွန်မကတော့ ပီနန်ဒူးရင်းကို မမေ့နိုင်အောင်ပါပဲ။ (Aljunied) က ဒူးရင်းသီးနဲ့ ဆီနဲ့ ရေပဲ ရှိသေးတယ်။ ဒါကြောင့် ပီနန်ဒူးရင်းသီးက နာမည်ကြီးလောက်ပါတယ်လို့ မှတ်ချက်ပြုရင်း။ (ဒူးရင်းသီးကို ဓာတ်ပုံရိုက်ဖို့ မေ့သွားတယ်။ မေ့သွားတာပဲ ကောင်းပါတယ်။ ထပ်စားချင်နေမှာ စိုးလို့..း))

သွားခဲ့တယ်။ အခုတော့လည်း ပြန်ခဲ့ရပြီ။ အလုပ်တွေရှိရာ။ နေ့စဉ်လူနေမှု့ဘ၀ကို တကျော့ပြန်ရုန်းကန်ဖို့ အင်အားတွေတော့ ပြည့်လာသလို။ Destress လုပ်ဖို့ ခရီးတစ်ခါထွက်ရင် သုံးလလောက် အလုပ်လုပ်ရာမှာ တက်ကြွတယ်ဆိုပဲ (ကြားဖူးတာ)။ ဒါဆို တစ်နှစ် လေးခါ။ အခုတော့ တစ်နှစ်မှာ ခရီးထွက်ရတာ နှစ်ခါပဲ ရှိသေးတယ်။ လက်ချိုးရေလို့ ရုံးပိတ်ရက်ကို စောင့်ရဦးမယ်လေ။

(ဒီခရီးစဉ်အတွက် အစစ အရာရာ အကူအညီပေးခဲ့သော ဦးဇင်းဦးကုသလ နှင့် ခရီးသွားတွေ လုံခြုံချမ်းမြေ့ရာနေရာ တည်းခိုနားခွင့်ရခဲ့သော ပီနန်ကျောင်းကို အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်)

***ဇူးငယ်***

Wednesday, September 14, 2011

"ရင်တွင်း အက္ခရာ"

'ယွန်း.. အဲဒီနေ့ကျရင် ငါတို့ ၀ိညဉ်တွေ ပျော်ရမယ့် ပွဲဟ. နင်ဆက်ဆက်လာနော်.. အခု လာမယ့် လဆန်း (၅) ရက်နေ့နော်"

အိပ်မက်မှ လန့်နိုးတော့ သူမ ချွေးစီးတွေ ပြန်နေခဲ့သည်။ ဟုတ်သည်။ သူ သူမ အနား မရှိတော့ပါ။ ဒီနေ့ သူ့ ဆုံးတာ ရက်လည်ပြီ။ သူဆုံးသွားပေမယ့် မယုံကြည်နိုင်သေးသလို သူမ မျက်လုံးထဲတွင်တော့ သူနှင့် စတွေ့သည့်အကြောင်းပင် မနေ့တနေ့ကလို ရှိနေသေးသည်။

ည (၇)နာရီ၊ ကျူရှင်ဆင်းချိန်
အရေးထဲ လူပြတ်ပါတယ်ဆိုမှ မီးက ပြတ်တော့ တလမ်းလုံးမှောင်မည်းနေသည်။
"နင် မကြောက်ဘူးလား. သရဲ ရှိတယ်နော်."
လှည့်ကြည့်တော့ သူ။ တကယ်တော့ သူနှင့် သူမ သူငယ်ချင်း ဖြစ်လာဖို့ ဘယ်အကြောင်းတရားမှ မရှိ။ ကျောင်းရှိ မိန်းကလေး အများစုရဲ့  ရင်ခုန်ခြင်း ခံရသော သူသည် ဘယ်သူကိုမှ စနောက်ပြောင်ခြင်း မရှိခဲ့။ သို့သော် ချောမောသူတွေရဲ့  ထုံးစံအတိုင်း သူသည် ရည်းစားများပါသည်။ သူမကတော့ ကျောင်းချိန်၊ ကျူရှင်ချိန်မှီဖို့ကိုသာ အရေးတကြီး အာရုံစိုက်မိသော၊ ပေါင်းသင်းဆက်ဆံမှု့ ညံ့သော၊ စာကိုသာ စိတ်ဝင်စားသော ခပ်ညံ့ညံ့ မိန်းကလေး တစ်ယောက်သာ။
"နင့်ကို ငါ မြင်ဖူးတယ်လေ"
ရုတ်တရက်တော့ သူ ကြောင်သွားသည်။ နောက်မှ သူ တဟားဟား ရယ်ရင်း
"နင်က ငါ့ကို မြင်ဖူးလို့ သရဲ မကြောက်တော့တာပေါ့."
ထိုနေ့က စလို့ သူနှင့် သူမ သူငယ်ချင်း ဖြစ်ခဲ့သည်။

"နင် ငါနဲ့ ထီးအတူဆောင်းတော့ သူများတွေ တမျိုးထင်မှာပေါ့ "

"ဒါဆို နင် မိုးရေထဲမှာ လျှောက်မလား" သူမ စကားဆုံးတော့ သူ သူမရဲ့  ထီး အရိပ်အောက်က ထွက်လိုက်သည်။ ထီးရိပ်အပြင်မှာတော့ မိုးတွေက သည်းသည်းမည်းမည်းရွာနေသည်။

"ငါက အဲလောက် ဇီဇာ မကြောင်ဘူး. မိုးမိရင် နေမကောင်း ဖြစ်တတ်တယ်. ဒီတော့ ထီးအတူဆောင်းတယ်. ပတ်ဝန်းကျင်ဆိုတာ ပြောချင် ပြောမှာပဲ. အရေးကြီးတာ နေမကောင်း မဖြစ်ဖို့ပဲ. ငါ သူငယ်ချင်းကောင်းပီသချင်တယ် . လာခဲ့"

သူ့ကို ထီးကမ်းပေးသော သူမမျက်နှာကို ကြည့်ကာ သူ အားနာနေသည်။ သူနှင့် သူမ ရိုးသားကြောင်းကို ဘယ်သူ့ကိုမှ မကြေငြာခဲ့သလို ရှင်းပြစရာလည်း မလိုခဲ့ပါ။ သူ့ကောင်မလေး သူမ အတန်းလာခဲ့ကြောင်းကိုလည်း သူမ မပြောခဲ့သလို သူလည်း သိရက်နဲ့ သူမကို မတောင်းပန်ခဲ့ပါ။

"နင့်ကောင်မလေး ဖြတ်သွားတယ်ဆို နင့်ကို"
"အင်း ငါ့လက်မှာ နင့် ကုတ်ထားတဲ့ လက်သည်းရာတွေ တွေ့သွားတဲ့ နေ့ကပေါ့ဟာ"
ထိုနေ့က စပြီး သူမ လက်သည်းတွေ ဖြတ်ပစ်ခဲ့သည်။ မလိုအပ်ဘဲ ရှင်းပြရခြင်းက လက်သည်းရှည်တွေကို ညှပ်ပစ်ရခြင်းထက် ပိုစိတ်ရှုပ်စရာ ကောင်းသည်ဟု သူမ နားလည်ထားသည်။

ဆယ်တန်းအောင်တော့လည်း သူနှင့် သူမ မေဂျာမတူခဲ့သလို တက္ကသိုလ်လည်း မတူခဲ့ပါ။ သူမရှိရာ ကျောင်းကိုလည်း သူဘယ်တုန်းကမှ မလာလည်ခဲ့သလို သူမသည်လည်း သူ့ကျောင်းကို ရောက်သည့်တိုင် သူ့အဆောင်ကို သွားလေ့မရှိ။ သို့သော် တစ်လတကြိမ်တော့ သူမ အိမ်သို့ လာလည်လေ့ ရှိသော သူနှင့် သူမ စက်ဘီးစီးပြီး လက်ဖက်ရည်ဆိုင် ထိုင်တတ်သည်။ သိပ်မကြာပါ။ သူနှင့် အတူ မမ တစ်ယောက် ပါလာခဲ့သည်။ ရည်ရွယ်ထားသူတစ်ယောက်အဖြစ် မမကို မိတ်ဆက်ပေးတော့ မမရဲ့  စူးစမ်းစွာ ကြည့်နေသော မျက်လုံးတွေကြောင့် သူမအစား သူက အနေခက်နေပြန်သည်။

"နင် ယောကျာင်္းလေး တစ်ယောက်ကို ရွေးချယ်လိုက်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ"
သဘောထားသေးလှသော သူမရဲ့  ချစ်သူကို သူနှင့် မိတ်ဆက်ပေးရသည်မှာ သူမအတွက် အနေခက်စရာပင်။ သို့သော် သူမကို ချစ်လွန်းသော ချစ်သူနှင့် သူ့ကို နားလည်နိုင်သော (သို့) နားလည်ဖို့ ကြိုးစားနေသော သူ့ချစ်သူကြောင့် သူနှင့်သူမ သူငယ်ချင်းဖြစ်နေဆဲ။ တစ်လတခါ စက်ဘီးစီးပြီး လက်ဖက်ရည်ဆိုင် သွားထိုင်မြဲ။

သူ မလာတာ နှစ်လ ကျော်ပြီ။ မျှော်နေမိပေမယ့် သူ မလာသည့်အတွက်လည်း သူမ ၀မ်းမနည်းခဲ့။ သို့သော် ၀မ်းနည်းရမယ့် သတင်းက သူမဆီသို့ ဦးတည်လာခဲ့သည်။

"နင်သိပြီးပြီလား. သူ ကင်ဆာဖြစ်နေတယ်။ သုံးလပဲ ခံမယ်လို့ ပြောတယ်"

သူမ ခေါင်းတွေ ချာချာလည်ခဲ့သည်။ သူ့သူငယ်ချင်းတွေ လာခေါ်မှ သူမ သိခွင့်ရခဲ့သည်။ တကယ်တော့ သူ့မိခင်ရှိရာကို အပြီး လိုက်သွားဖို့ ဆေးစစ်ပြီးမှ မမျှော်လင့်ပဲ သိခဲ့ရသည်တဲ့။ ကံတရားက သူ့အတွက်တော့ ရက်စက်လွန်းလှသည်။ သူ့မျက်နှာကို မမှတ်မိလောက်အောင် သူမ ငေးမောတွေးဝေသွားခဲ့သည်။ ရယ်ပြတဲ့ အချိန် သွားလေးတွေကို သူမတွေ့မှ မှတ်မိလောက်အောင် သူ ရုပ်ပြောင်းသွားခဲ့သည်။ ဓာတ်ကင်ထားသော သူ့ရဲ့  ရုပ်က လုံးဝ မှတ်မိစရာ မရှိပါ။ ရန်ကုန် ဆေးရုံကြီးရဲ့  ကင်ဆာဆောင်အတွင်းမှာ သူမဟာ အားလုံးနှင့် တကမ္ဘာခြားသွားသလို။

သူ့ရဲ့  မျှော်လင့်ချက်ကင်းမဲ့နေတဲ့မျက်နှာ။ သူ့သူငယ်ချင်းတွေရဲ့  အငိုမျက်လုံး အကြားမှာ သူမ မျက်ရည်မကျခဲ့ပါ။ သူမ သူ့ကို အားပေးရမည်။ မျှော်လင့်ချက်ဆိုတာ အသက်ရှင်ဖို့ ခွန်အားပင်။ သို့သော် ကံကြမ္မာက မျက်နှာသာ မပေးတော့ပါ။ အကြိတ်ကင်ဆာကို စောစောသိလျှင် ဆေးထိုးလို့ ရနိုင်ပေမယ့် ဆေးနှစ်မျိုးလုံးကို သူ့ရဲ့  ခန္ဓာကိုယ်က လက်ခံနိုင်စွမ်း မရှိတော့။ ဆေးထိုးတိုင်း ပြာတတ်သွားသော၊ မျက်ဖြူလန်သွားသော သူ့ကို ကြည့်ရင်း သူမတို့ လက်လျော့ခဲ့ရသည်။

"နင့်ကို ငါ ထပ်မမြင်ချင်တော့ဘူး. ငါ့ဆီ မလာခဲ့တော့နဲ့.."

"ငါ နင့်ကို ထမင်းခွံမယ်. ဆေးတိုက်မယ်. နင်နေကောင်းရင် ငါတို့ ကျိုက်ထီးရိုးတူတူ သွားရအောင်"

သူနှင့် သူမ အကြား စကားတွေ မကွဲတော့ပါ။ မျှော်လင့်ချက်ကို သူမ ဘယ်လို ယုံကြည်စွာ သူ့ကို ပေးရပါ့မလဲ။ သူမကိုယ်တိုင်က မျှော်လင့်ချက်ကို ရူးမိုက်စွာ ဆုပ်ကိုင်ထားပေမယ့် ယုံကြည်မှု့တွေ ပျောက်ဆုံးနေခဲ့ပြီ။
သူ ထွက်ခွာသွားပြီ။ ဒီခရီးတစ်ခုမှာ အားလုံးကို ထားရစ်လို့ သူထွက်ခွာသွားခဲ့ပြီ။ ဒီညပြီးရင်တော့ သူလည်း တနေရာ တကမ္ဘာကို ခရီးနှင်တော့မည်။ နောက်ဆုံး နှုတ်ဆက်ခြင်းပါပဲ။ သူမ မျက်ရည်ကို မနှစ်သက်သော သူ့အတွက် သူမ မငိုခဲ့ပါ။ သူမ တကယ် မငိုခဲ့ပါ။

Friday, September 9, 2011

ခရေပွင့်လေးများ.. (ဇာတ်သိမ်း)

ဒုတိယနှစ် မေဂျာတွေ ခွဲတော့ တင့်ထက်က Commerce, ကျွန်မနှင့် မြနန္ဒာက Economics၊ မိုးကတော့ Statistic။

"တင့်ထက် Commerce ယူတာက ဟုတ်ပါပြီ။ နင်တို့ နှစ်ယောက်က ဘာလို့ Economics ကို ရွေးချယ်တာလဲ" မိုးရဲ့  အမေးကို မြနန္ဒာက

"Economics နဲ့ Commerce က ကွာခြားချက်တွေများတာ နင်တို့ အသိပဲ. ငါက Public Policy ကို စိတ်ဝင်စားတယ် အဲဒါကြောင့်ယူတာ"

"ငယ် နင်ကရော"

"ငါလား. ငါက Accountant မလုပ်ချင်ဘူး. Economic Development ကို စိတ်ဝင်စားတယ်။ ငါ နောက်ဆုံးနှစ် စာတမ်းရေးရင်တောင် ငါ Regional Development ကို ရေးမယ် စဉ်းစားတယ်"

ကျွန်မတို့ အဖြေစကားကို ကြားတော့ မိုးက သက်ပြင်းချသည်။ မိုးက ကွန်ပြူတာ ဘာသာရပ်က လွဲလို့ စိတ်မ၀င်စားဘူးဆိုတာ ကျွန်မတို့ သိနေသောကြောင့် မိုးကို ဘာမှ ပြန်မေးမနေတော့ပါ။

မေဂျာတွေကွဲပြီး သက်ဆိုင်ရာ အခန်းတွေမှာ ကိုယ်စီတက်ရပေမယ့် ကျွန်မတို့ လေးယောက် မခွဲစတမ်း အမြဲတတွဲတွဲ။
သို့ပေမယ့် မိုးကတော့ နှလုံးသားရေးရာ ပြဿနာတွေနှင့် ကျောင်းပျက်ရက်တွေ များလာခဲ့သည်။ ပထမဦးဆုံး အသည်းကွဲခြင်းကို မိုးခံစားရချိန်မှာပဲ ကျွန်မတို့ တစ်တွေ ဘယ်လို ဘယ်ပုံအားပေးရမယ်မှန်း မသိ။ ကျောင်း မိန်းလမ်းမကြီးရဲ့  ဘေး ရေနှုတ်မြောင်း ဘေးမှာ ကလေးတစ်ယောက်လို အော်ငိုနေတဲ့ မိုးကို အားပေးဖို့ စကားလုံး မရှိခဲ့ပါ။ ထို့နောက်တွင်တော့ မိုး ကျောင်းမတက်တော့။

ကျောင်းအပ်ရန် နောက်ဆုံးသတ်မှတ်ထားသော ဇန်န၀ါရီလ (၃၁) ရက်။ နှစ်စ ကျောင်းဖွင့်သည့် ဒီဇင်ဘာကတည်းက ကျောင်းအပ်လေ့ရှိသော ကျွန်မတို့ သုံးယောက် မိုး ကျောင်းအပ်ဖို့ သတိရလိုက်မိသည်က ဖေဖော်ဝါရီ လကုန်။ မော်ကွန်းထိန်း ရုံးခန်းအထိ သွားပြီး မိုးနှင့် အတူ ကျွန်မတို့ သုံးယောက် အသနားခံပေမယ့် မိုးတစ်ယောက် ဒုတိယနှစ် ကျောင်းဝင်ခွင့် မရလိုက်တော့။ အချစ်တစ်ခုကြောင့်လား။ ကျွန်မတို့ လို သူငယ်ချင်းတွေရဲ့  ပေါ့ဆမှု့ကြောင့်လား။ မိုး ကျောင်းတစ်နှစ် အောက်သွားခဲ့သည်။ အတန်းချင်းလည်း မတူ၊ အခန်းချင်းလည်း မတူတော့သည့် မိုးသည် ကျွန်မတို့ ပုတီးကုန်းလေးထဲက ပထမဦးဆုံး ပဲ့ကြွေခဲ့သော ပုတီးစေ့လေး တစ်လုံးဖြစ်ခဲ့သည်။

"စာမေးပွဲနီးပြီဟ..ငါ့ကို စာရှင်းပြဦး .. "
စာမေးပွဲ နီးရင် ကျွန်မတို့ ဆုံရပ်က မြနန္ဒာ တို့ စိန်ဂျွန်း အိမ်။ သုံးယောက်ဆုံပြီး စာလုပ်ကြသည်ထက် မုန့်လုပ်စားသည့် အချိန်က ပိုများသည်ဆိုရမည်။
အဓိက ဘာသာရပ်တွေ မတူသော်လည်း Minor ဖြစ်သည့် သချာင်္ဘာသာကတော့ အတူတူပင်။ ဒါကြောင့် တင့်ထက်ကို ကျွန်မ စာရှင်းပြခိုင်းခြင်းရယ်။ တင့်ထက်ကလည်း မငြီးမငြူ ရှင်းပြပေးပါသည်။

"ဒါက ဒီလိုလုပ်လိုက်တော့ ဒီအဖြေထွက်လာတယ်" လက်ညှိုး ဟိုထောက် ဒီထောက်နှင့် သချာင်္ကို မတွက်ပြဘဲ ရှင်းပြနေသော တင့်ထက်ကို ကြည့်ရင်း ကျွန်မ ရယ်ချင်လာသည်.။

"မြနန္ဒာ. လုပ်ဦး သူက ဒီက ဒီလိုဆိုတော့ ငါလည်း ဘာကို နားလည်ရမယ်မှန်း မသိတော့ဘူး" ဒီတော့ မြနန္ဒာက ဆရာမပီသစွာပဲ စာရှင်းပြပေးတော့သည်။ ထုံးစံအတိုင်း စာလုပ်တာက နည်းနည်း။ စကားများတာက များများ။

"စာကို မြန်မြန် ပြီးအောင်လုပ် . ပြီးရင် လှည်းတန်းသွားမယ်. ကန်ဘောင်သွားထိုင်ရအောင်"

ကန်ဘောင်ကို သွားထိုင်တိုင်း ကျွန်မ မိုးကို သတိရနေမိသည်။ တခါ ကျွန်မနဲ့ မိုး ထိုင်နေတာကို အတွဲမှတ်ပြီး ချောင်းတဲ့ သူက ရှိသေး။ အဲဒီနေ့က မိုးက ရှပ်အကျီင်္နဲ့ ဂျင်းဘောင်းဘီ ၀တ်ထားပြီး ကျွန်မ ပုခုံးပေါ် လက်တင်ထားတော့လည်း ထင်ချင်စရာ။ မိုးက အသာနေဆိုတဲ့ ပုံစံမျိုးနှင့် ကျွန်မကို အတင်းဖက်ထားသည်။ နောက်မှ အတွဲချောင်းတဲ့ သူလည်း ကျွန်မတို့ ရယ်သံကို ကြားမှ တမင်တကာ စနေမှန်း သိပြီး ပြေးတော့သည်။ အတိတ်အကြောင်းတွေ တွေးမိတော့ မိုးကို ပြန်သတိရရင်း ပြုံးဖြစ်သည်။ အင်းလျားကန်ဘောင်ကတော့ ၀တ္တရားမပျက် လေညှင်းနဲ့ အတူ စောင့်ကြိုနေရှာသည်။

တစ်ရက်တော့ တင့်ထက် မျက်နှာမှုန်ကုပ်ကုပ်နှင့် ကျွန်မတို့ အတန်းထဲ ရောက်လာခဲ့သည်။

"တင့်ထက် ဘာဖြစ်လို့လဲ."

"ဒီလိုပါပဲဟာ. ငါက နင်တို့နဲ့ နေတာများတော့ အတန်းတွေ လွတ်တယ်လေ. ဒီတော့ စာကူးရအောင် စာအုပ်ဌားတော့ ဦးနှောက်ဖောက်အစားမခံနိုင်ဘူးဆိုပြီး စာအုပ်မဌားဘူးလေ. အဲဒါ စိတ်တိုလာတာ"

"သြော် ကလေးစိတ်တွေပဲ ရှိသေးလို့နေမှာပေါ့ဟာ စိတ်ထဲမထားနဲ့" မြနန္ဒာက ပြောရာပြေကြောင်းပြောသည်။

"နင်တို့ မသိလို့. ငါ အတန်းထဲမှာ အထီးကျန်ဆန်တယ်ဟ. သူတို့ပြောတာ အကျီတွေ. လက်ဝတ်လက်စား ဘယ်လောက်တန်တယ်ဆိုတာတွေ. ငါမှ စိတ်မ၀င်စားတာ.ငါက အကျီဆိုရင် ၀တ်စရာပဲ. စားစရာဆို စားဖို့ပဲ. ဇီဇာချဲ့နေတာကို မကြိုက်ဘူး. ဒီတော့ ငါက သီးသန့် ဖြစ်နေတာ. ကျောင်းတက်ရတာ နင်တို့နဲ့ တွေ့မှ ပျော်တော့တယ်. "

ဟုတ်ပါသည်။ တင့်ထက်က အလှအပ မပြောနှင့်။ အရောင်ဆိုလျှင်တောင် တွဲစပ်ဝတ်ရမယ်မှန်းကို စိတ်မ၀င်စားသော မိန်းကလေးတစ်ယောက်ပင်။ ကျွန်မတို့ လေးယောက်တည်းတွင်တော့ (ကျွန်မတို့အတွက်တော့) ချစ်စရာကောင်းလောက်အောင် ဇီဇာအကြောင်ဆုံး ဟု ဆိုရပေမည်။ အတန်းထဲမှာ မပျော်တော့သော တင့်ထက်ကတော့ ကျွန်မတို့ ရှိရာ Eco အခန်းမှာသာ အနေများရင်း လက်ချာတွေ လွတ်ရင်း ကူးရင်းနဲ့ပဲ သံသရာလည်နေတော့သည်။

ဒီလိုနှင့် သုံးနှစ်တာ ကာလဆိုတာလည်း အချိန်ရထားနှင့်အတူ တရိပ်ရိပ်ဖြတ်သန်းလို့။ နောက်ဆုံးနှစ် အောင်စာရင်းတွေ ထွက်တာ့ တင့်ထက်နှင့် မြနန္ဒာက Qualified ၀င်သည်။ သူတို့ Master ဆက်တက်တော့ ကျွန်မက ယောင်လည်လည် ရှိနေဆဲ။ နောက်တစ်နှစ်ဆိုတဲ့ အချိန်ကာလမှာပဲ တင့်ထက်က ကျောင်းဆက်မတက်တော့။ Master နှစ်နှစ်မှာ တစ်နှစ်ထဲ ကျန်တော့၍ ပြီးဆုံးအောင် ဆက်တက်ဖို့ တိုက်တွန်းသော်လည်း လက်မခံတော့။

"ငယ် ငါ့ကို တင်မိုးလွင် မော်ဒယ်သင်တန်း လိုက်အပ်ပေးစမ်းပါ."
"ဟေ တင့်ထက် နင် ရူးများသွားပြီလား. နင်က မော်ဒယ်သင်တန်း တက်မယ်???"

ကျွန်မနှင့် မြနန္ဒာက တအံ့တသြ။ ထို့နောက်တွင်တော့ (၃၉) လမ်းမှာနေသော တင့်ထက်က Asia Plaza က တင်မိုးလွင် မော်ဒယ်သင်တန်းကို အိမ်နေရင်း ဂါဝန်အစုတ်နှင့် သွားတက်သည်ဆိုတာကိုတော့ ကျွန်မတို့ မအံ့သြတော့ပါ။ ကျောင်းထက် ပိုအမြင်ကျယ်သော. အလှအပကို အမြတ်တနိုး ရှာဖွေနေကြသော သူများ အလယ်မှာ ကျွန်မ သူငယ်ချင်းလေး ဒေါင်းယောင်မဆောင်နိုင်သော ကျီးဖြစ်နေမှာပဲ စိုးရိမ်နေမိတော့သည်။ Model သင်တန်းပြီးလို့ တစခန်းထတာက Designer သင်တန်း တက်ချင်သည်ဆိုတာပဲ ဖြစ်သည်။ အရောင်ကိုတောင် လှပအောင် တွဲစပ် ၀တ်ဖို့ စိတ်မ၀င်စားသော မိန်းကလေးတစ်ယောက် Designer အဖြစ် အသက်မွေးဝမ်းကျောင်းပြုမည်ဆိုတော့ စဉ်းစားဖို့ ကောင်းနေပေမယ့် တင့်ထက်ရဲ့  စိတ်အားထက်သန်မှု့ကို ကျွန်မ တို့ မတားဖြစ်ခဲ့ပါ။ ဒီလိုနှင့် ဘ၀လမ်းကြောင်းရွေးချယ်မှု့တွေမှာ ကျွန်မတို့ တွဲလက်တွေ မဖြုတ်ပေမယ့် ခွဲခဲ့ရကြသည်။

အခုလက်ရှိအချိန်မှာတော့ အလှအပကို စိတ်မ၀င်စားသော တင့်ထက်က အောင်မြင်သော Designer သင်တန်း တည်ထောင်ထားသလို Tutor လုပ်မည် ဆိုသော မြနန္ဒာကတော့ NGO အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းလို့။ ယောကျာင်္းလေးဆန်သော မိုးက အိမ်ထောင်ရှင်မကြီး ဖြစ်လို့။ နောက်ဆုံး Accountant မလုပ်ချင်ခဲ့သော Regional Development ကို စိတ်ဝင်စားသော ကျွန်မက ကိုယ့်နေရပ်မှာတောင် တိုးတက်အောင်မလုပ်နိုင်ဘဲ ရေခြားမြေခြားမှာ Accountant ဖြစ်လို့။ ထိုသို့ပင် ဘ၀က မျှော်မှန်းထားသလို ဖြစ်ခွင့် ရချင်မှလည်း ရခဲ့လိမ့်မည်။ တခါတလေမှာ အပင်ဟာ ပန်းပွင့်ကြွေမှာစိုးလို့ မပွင့်ရဲဘဲ မရှိကြသလို ယုံကြည်ရာ အိပ်မက်ဆိုတာလည်း ပျောက်ပျက်သွားမှာစိုး၍ မမက်ဘဲ နေလို့တော့ မရ။ ကျွန်မတို့ အိပ်မက်တွေ မက်ခဲ့ကြသည်။ ထိုအိပ်မက်တွေက ကျွန်မတို့ရဲ့  ဝေခဲ့သော ပန်းတွေ ဖြစ်သလို ကြွေခဲ့ရင်လည်း ဘယ်နေရာဒေသရောက်ရောက် ခရေပန်းလေးတွေ အဖြစ် မွှေးပျံ့နေဦးမယ်ဆိုတာ ။

"ပြီးပါပြီ"

***ဇူးငယ်***

Monday, September 5, 2011

ခရေပွင့်လေးများ .. အပိုင်း (၂)

ပထမနှစ် ဒုတိယနှစ်ဝက်
တက္ကသိုလ်ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ ၀ဿန်မိုးဖွဲလေးတွေနှင့် အတူ အလွမ်းကိုယ်စီလည်း ကျွန်မတို့ ရင်ထဲခိုတွယ်လာခဲ့ပြီ။ ဆိုင်သူ ကိုယ်စီရှိလာသော မြနန္ဒာ၊ မိုးနှင့် ကျွန်မ။ ကျောင်းနှစ်လပိတ်ပြီး ပြန်အဖွင့်မှာ ကိုယ်စီရင်ဖွင့်မိတော့ တအံ့တသြ။ သက်ဆိုင်သူတွေကလည်း အဝေးတစ်နေရာစီမှာ။ တင့်ထက်ကတော့ နားထောင်သူ သက်သက်။ ကိုယ်တိုင်က စိတ်မ၀င်စားသော်လည်း ကျွန်မတို့ ဇာတ်လမ်း ကိုယ်စီကိုယ်ဌကို မျှဝေခံစားသူလည်း ဖြစ်ပြန်တယ်။

"မြနန္ဒာ . နင်က လျှိုထားတယ်ပေါ့" ကျွန်မ အပြောကို
"နင်လည်း လျှိုထားပြီးတော့"
မိုးကတော့ လေအေးနှင့်ပင်
"အေးနော်၊ ရုပ်ရှင် ဇာတ်လမ်းတွေကလိုလည်း ငါတို့ တိုးတိုးတိတ်တိတ် မတိုင်ပင်လိုက်ရဘူး၊ အချင်းချင်းအကဲဖြတ်လိုက်ကြ ဘာညာလည်း မရှိရဘူး"

"ရွာသာကြီးမှာ အချင်းချင်းထဲက ရည်းစားရတာ ထီပေါက်သလိုပါပဲဟာ၊ ကျောင်းသူ နှစ်ရာကျော်လောက်မှာ မှ ယောကျာင်္းလေးက ဆယ်ယောက်လောက်ရှိတာကို." တင့်ထက်က သုံးသပ်သလို ပြောသည်။

"အေး. Supply နဲ့ Demand မှ မကိုက်တာ. Equilibrium ဘယ်ရောက်ပါတော့မလဲ..ဟဟ" မြနန္ဒာရဲ့  အပြော။

တကယ်တော့လည်း ကျွန်မတို့ အချစ်ရေးအကြောင်းအရာကို စပြောဖို့ရာ မ၀ံ့ရဲသေးသည့်အရွယ်တွေ။ တွေ့ဆုံကြရသည့်သူတွေကလည်း ကျောင်းကမဟုတ်။ ဒီတော့ တစ်ယောက်ကိုတစ်ယောက် မတိုင်ပင်ဖြစ်ကြ။ တစ်ယောက်ကို တစ်ယောက်လည်း ရည်းစားထားဖို့ မတိုက်တွန်းခဲ့ဖူးကြ။

"ငါ စာရေးလိုက်ဦးမယ်. ဘာရေးရမယ်တော့ မသိဘူးဟာ." ကျွန်မက ချစ်တယ် ကြိုက်တယ်ဟု စာတစ်တန် ပေတစ်တန် မရေးချင်ပေ။ နှုတ်တစ်ရာ စာတစ်လုံးကြောင့် အပြစ်ဖြစ်မှာ စိုး၍တော့ မဟုတ်။ တခါလာလည်း ချစ်သည်၊ တခါလာလည်း ကြိုက်သည်ဆိုတဲ့ ပျင်းစရာကောင်းတဲ့ စကားမျိုးကို ကျွန်မ ထပ်ကာ ထပ်ကာ မရေးချင်ပေ။ ထိုစိတ်ထားကတော့ မြနန္ဒာနှင့် ကျွန်မ တူညီသည်။ မိုးကတော့ စာရေးရတာ စိတ်ရှည်သူ မဟုတ်။ ဖုန်းသာ ဆက်မည်ဟုဆိုသည်။

"ငါကတော့ မိုးလင်းကတည်းက ညမိုးချုပ်တဲ့ အထိ တစ်နေ့တာကို ဒိုင်ယာရီလို ရေးလိုက်တယ်.". မြနန္ဒာက ဆိုတော့

"နင် အိမ်သာတက်တဲ့ အကြောင်းရော ပါလား.. ခံစားရခက်တယ်ပေါ့.. လွမ်းလို့တော့ မဟုတ်ဘူး. ၀မ်းချုပ်လို့ဆိုတဲ့ အကြောင်းတွေပေါ့ဟာ.." တင့်ထက်က အရွှန်းဖောက်သည်။ ကြာလာတော့ စကားလုံးတွေက ထပ်လာသည်။ စာတွေက ပျင်းဖို့ ကောင်းလာသည်ဟု ခံစားရသည်။ ဒီတော့ ရည်းစားစာ ရေးတာတောင် သူရေးတာ ကိုယ်ခိုးချ၊ ကိုယ်ရေးတာ သူခိုးချ။ သို့ပေမယ့် အတွေးတွေ အကြံတွေ တူတော့ စာတွေက အတူတူလိုပင်။ ဒီအခက်အခဲကို ဖြေရှင်းပေးတာကတော့ မြနန္ဒာ။ တစ်ရက်တော့ မြနန္ဒာ ရန်ကင်းစင်တာရောက်တုန်း ဟာသစာအုပ်နှင့် စကားထာစာအုပ် ၀ယ်လာသည်။ ဘာလုပ်ဖို့လဲ မေးတော့ စာထဲ ထည့်ရေးလို့ ရတာပေါ့ တဲ့။ ကျွန်မကို ရွေးခိုင်းတော့ စကားထာစာအုပ်ကိုပဲ ရွေးယူလိုက်သည်။ ဒီတော့ မိုးက မေးသည်။

"နင်ဘာလို့ စကားထာ စာအုပ်ကို ရွေးယူလိုက်တာလဲ"
"ငါလား။ နင်ကလည်း တစ်ခါ စကားထာ ဖွက်ရင် တစ်လလောက်ကြာမယ်. အဖြေမှားရင် နောက်ထပ် ရေးစရာ ရှိမယ်လေ. ပျော်ဖို့တောင် ကောင်းသေး"

ကျွန်မရဲ့  အဖြေကို သဘောမကျသလိုနှင့် တင့်ထက်က မေးသည်။

"နင် မတွေ့ချင်ဘူးလား . နင်တို့က တစ်လမှ စာတစ်စောင်လောက်နဲ့ ဘယ်လို ချစ်သူ ဖြစ်နေကြလဲ ငယ်.."

"မတွေ့ရဘူးဆိုတာ သိနေတော့လည်း တွေ့ချင်တာလည်း မရှိပါဘူး. ငါက ငါ့ကို ချုပ်ချယ်မှာ ကြောက်တယ်. ငါသွားရာ တကောက်ကောက်လိုက်နေမှာလည်း စိုးတယ်"

"နင်က အချစ်ထက် လွတ်လပ်မှု့ကို ပိုမြတ်နိုးတာ. နင်မချစ်တတ်သေးဘူး.." မိုးရဲ့  စွပ်စွဲချက်က ပြင်းထန်သည်။ အဲဒီနောက် တင့်ထက်က တစခန်းထပြန်သည်။

"မြနန္ဒာ. နင်ရော အချစ်ဆိုတာကို နားလည်လား အချစ်ဆိုတာ ဘာလဲ" လို့ အချစ်ရေးကို လုံးဝစိတ်မ၀င်စားသော တင့်ထက်ကြောင့် ကျွန်မ စိတ်ဝင်စားသွားသည်။ မြနန္ဒာကတော့ မေးခွန်းကို သေသေချာချာစဉ်းစားရင်း

"ချစ်လားလို့ မေးရင် ချစ်တယ်လို့ပဲ ဖြေရမှာပေါ့၊ သူ့ကို အကောင်းဆုံးအမြင့်ဆုံးအဖြစ် မြင်ချင်တယ်၊ ဒါ ငါ့စိတ်ပဲ၊ အဲဒါကိုပဲ အချစ်လို့ အဓိပ္ပါယ်ဖွင့်ရမလား မသိဘူး"

မြနန္ဒာ မရှင်းပြတတ်သော မေးခွန်းရဲ့  အဖြေကို မိုးကလည်း စဉ်းစဉ်းစားစား တွေဝေနေသည်။ တင့်ထက်ကတော့ သူလိုချင်တဲ့ အဖြေမဟုတ်၍ မကျေလည်။ အင်း ကျွန်မ စဉ်းစားမိသည်က အချစ်ဆိုတဲ့ အရာကို ဘယ်သူကများ တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသလဲနော်။ ဒါကြောင့်ပင် ကျွန်မရဲ့  အချစ်က ရိုးရိုးလေးလား၊ ဆန်းဆန်းပဲလား ဘယ်တုန်းကမှ မခွဲခြားဖြစ်တော့ပါ။

အချစ်အကြောင်းကို ကြာကြာလွမ်းအောင်လည်း ကျွန်မတို့မှာ အခြေအနေမပေးနိုင်ခဲ့။ ဒုတိယနှစ်ဝက်ပြီးလျှင် အဓိကဘာသာရပ်တွေ ခွဲတော့မည်ဆိုတော့ ကြိုးစားကြရပြန်သည်။ Commerce၊ Economics နဲ့ Statistics သုံးခုတွင်တော့ Commerce က အလုပ်အကိုင်အတွက် အာမခံချက်အရှိဆုံး၊ အမှတ်ကလည်း အမြင့်ဆုံး။ စာမေးပွဲနောက်ဆုံးနေ့မှာတော့ ကိုယ်လိုချင်တဲ့ ဘာသာတွဲကို လျှောက်ကြရသည်။ တင့်ထက်က Commerce ၊ မြနန္ဒာနှင့် ကျွန်မက မတိုင်ပင်ထားရဘဲ Economics ၊ မိုးကတော့ အစီအစဉ်အလိုက်ပဲ လျှောက်သည်။ မိုးက စီးပွားရေးပညာထက် ကွန်ပြူတာကို ပိုစိတ်ဝင်စားသည်။ မိုးက အပြင်မှာ Computer နှင့် ပတ်သက်လို့ IDCS သင်တန်းတက်နေသလို ကျွန်မကလည်း LCCI Level III တက်နေသည်။ ဘ၀အာမခံချက်၊ အလုပ်အတွက် ကျွန်မတို့ဘ၀မှာ ဦးစားပေးစရာ မလိုခဲ့။ ပထမနှစ်အချိန်အခါတုန်းကတော့ လိုချင်တာသည် ကျွန်မတို့အတွက် လိုအပ်ချက်သာ ဖြစ်ပေလိမ့်မည်။ အဲဒီအတွက်နှင့်တော့ ကျွန်မတို့ ၀ါသနာပါရာ ဘာသာရပ်ကို ပြတ်သားစွာနှင့် ရွေးချယ်နိုင်ခဲ့သည်။ ဒီလိုနှင့် ကျောင်းတွေ ပိတ်ခဲ့တော့သည်။ အချစ်ကလည်း အချစ်ဆိုတဲ့ နေရာမှာ သိုသိုသိပ်သိပ်လေး ရှိနေသလို အလွမ်းဆိုတာကလည်း နေသားတကျ။ ဘ၀အတွက်က ကျွန်မတို့မှာ ဆုံးဖြတ်ချက်ကိုယ်စီနှင့်။ မျှော်လင့်ချက်ကိုယ်စီနှင့်။ ကျွန်မတို့ လူကြီးဖြစ်ဖို့ ခြေလှမ်းအစအဖြစ် လိုအပ်နေပြီမဟုတ်ပါလား။

အပိုင်း(၃) ဆက်ရန်

***ဇူးငယ်***

Thursday, September 1, 2011

ခရေပွင့်လေးများ ... အပိုင်း (၁)

ရန်ကုန် စီးပွားရေး တက္ကသိုလ်
Yangon Institute Of Economics
ကျောင်းမုဒ်ဦး အ၀မှ ကျောင်းနာမည်ကို လှမ်းကြည့်ရင်း ကျွန်မ တက်ရမယ့် တက္ကသိုလ် ဟု ရင်ခုန်စွာ ကြည့်နေမိသည်။ အထက်တန်းကျောင်းသားဘ၀ပြီးလျှင် ပထမဦးဆုံး ပတ်ဝန်းကျင်ကျယ်ကြီးကို စတင်ခြေချရတဲ့ နေရာဟာ တက္ကသိုလ်ပဲ မဟုတ်ပါလား။ ရန်ကုန် အမှတ် (၂) အဝေးပြေးလမ်းပေါ်မှ ထီးထီးကြီး တည်ရှိနေသော ကျွန်မတို့ ကျောင်း။ စိတ်ကူးနှင့် ငေးနေတုန်း ရှိသေးသည်။ မြနန္ဒာက ကျွန်မလက်ကို ဆွဲခေါ်သည်။ ဆယ်နှစ်ကျော် ကွဲကွာသွားခဲ့တဲ့ ငယ်သူငယ်ချင်း မြနန္ဒာနဲ့ ဆယ်တန်းအောင်ပြီးတဲ့ နှစ်မှာပဲ ပြန်ဆုံဖြစ်ခဲ့လို့ တော်သေးသည်။ မိဘချင်း အမြဲအဆက်အသွယ် ရှိနေတာကြောင့် မြနန္ဒာနှင့် ကျွန်မ ပြန်ဆုံတာ မဆန်းကြယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်အတွက် အဓိက ဦးစားပေး ဘာသာရပ်တွေ လျှောက်ကြတော့ အခြားဦးစားပေးဘာသာရပ်တွေ မတူညီပေမယ့် အတူတူ ရွေးချယ်ဖြစ်ခဲ့တဲ့ တစ်ခုကတော့ စီးပွားရေး တက္ကသိုလ်။ ဒီလိုနှင့် ကျွန်မနှင့် မြနန္ဒာ ကြား ဘ၀မှာ အမှတ်တရတွေ အများကြီး ကျန်ရစ်ဖို့ အကြောင်းဖန်လာပါတယ်။

ပထမနှစ် စတက်ရမယ့် ကျောင်းသူတွေ မို့ မြနန္ဒာနှင့် ကျွန်မ နှစ်ယောက်သား စာရွက်စာတမ်းတွေကိုင်ပြီး ဟိုလျှောက် ၊ ဒီလျှောက်။ ဟိုမေး၊ ဒီမေး ယောင်လည်လည်။ စာရွက်စာတမ်းကိစ္စ ၊ ကျောင်းအပ်တဲ့ ကိစ္စတွေ ပြီးလို့ အခန်းအပြင်ဘက်မှာ ထိုင်နေစဉ်မှာပဲ မြနန္ဒာက ကောင်မလေးတစ်ယောက်ကို နှုတ်ဆက်သည်။ တစ်ယောက်တည်း မော့တော့မော့တော့ နှင့် လျှောက်လာသော တရုတ်မလေး တစ်ယောက်။ မြနန္ဒာ မိတ်ဆက်ပေးမှ သူမ နာမည် တင့်ထက် ဟု သိရသည်။ ဆံပင် တိုတိုက ဘီးကုတ်တစ်ချောင်းနှင့် ပင့်တင်ထားပြီး မျက်နှာက ခပ်တည်တည်။ သူမ ပုံစံကြည့်ရတာ စိတ်ရှုပ်နေပုံ ရနေသည်။ ကျွန်မနှင့် မိတ်ဆက်ပေးတော့ ပြုံးရုံသာ ပြုံးပြသည်။ ရှပ်အကျီင်္ နှင့် သရီးကွာတား ဘောင်းဘီ ၀တ်လာသော တင့်ထက်ပုံစံက ပေါ့ပေါ့ပါးပါးပင်။ တင့်ထက်နှင့် မရှေးမနှောင်းမှာ ရောက်လာတာကလည်း မြနန္ဒာ သူငယ်ချင်းပင်။ နာမည်က မိုး။ အရပ်မြင့်မြင့်။ ဆံပင်တိုတို ။ မသိလျှင် ယောကျာင်္းလေးဟုပင် ထင်ရသည်။ တကယ်တော့ မြနန္ဒာ၊ တင့်ထက်နှင့် မိုးတို့က အထက်တန်းကျောင်းကတည်းက ကျောင်းအတူ။ မြနန္ဒာနှင့် ကျွန်မက ငယ်သူငယ်ချင်း။ ဒီလို ရိုးရိုးဆက်စပ်မှု့ တစ်ခုနှင့်ပဲ ကျွန်မတို့ လေးယောက် သူငယ်ချင်းတွေ ဖြစ်သွားတော့သည်။

"ငယ်၊ နင် ဘောင်းဘီ ဖြစ်ဖြစ်၊ ထမီဖြစ်ဖြစ် ၀တ်ပါလား" တင့်ထက်ရဲ့  အကြံပေးချက်။
ဒီမနက် စကဒ်နောက်ခွဲ အကျပ် ၀တ်လာတဲ့ ကျွန်မ ကျောင်းကို အလာ ဒိုင်နာကားပေါ်တက်တော့ နောက်ခွဲစကဒ်က ကွဲ။ ကန်တင်းရောက်တော့မှ စက်ချုပ်စက်ရှိရာ ပြေးရဦးမည်။ ကျွန်မရဲ့  ဣနြေ္ဒပျက်နေပုံကို ကြည့်ပြီး တင့်ထက်က အကြံပေးတာ။ ကျွန်မကလည်း သူတို့ထဲမှာ တမျိုးတစ်ဘာသာ။ မြနန္ဒာ၊ တင့်ထက်နှင့် မိုးကတော့ ဆံပင်တိုတိုနှင့်။ ကျွန်မတစ်ယောက်တည်း ဆံပင်ရှည်ကျောလယ်လောက်။ ဒေါက်ဖိနပ်ကလည်း စီးသေး။ စကဒ်ကျပ်ကျပ်တွေကို ၀တ်သေး။ နောက်ပြီး သူတို့သုံးယောက်လည်း လမ်းလျှောက် မြန်တာ အင်ဂျင်တတ်ထားသလား မှတ်ရတယ်။ ဖိနပ်ပေါက်လို့ ဖိနပ်ချွတ်ပြီး လက်က ကိုင်လာတဲ့ ကျွန်မကို
"ငယ်၊ နင် Slipper ပဲ ပြောင်းစီးပါလား"
သူငယ်ချင်းတွေ ကြားထဲ ဘာမှ ၀င်ပြောလေ့ မရှိတဲ့ မိုး ကတောင် ကျွန်မကို ပြောယူရသည်။ သိပ်မကြာပါ။ ကျွန်မလည်း အိတ်အကြီးကြီး လွယ်လို့ ဖိနပ်ပါးနဲ့ သူတို့နှင့် အမှီ လျှောက်ရပါတော့သည်။

၂၀၀၁ ခုနှစ်။ ရွာသာကြီးသို့ ပြောင်းရွေ့လာသည်မှာ မကြာသေး။ လေးထပ်ဆောင် တစ်ဆောင်၊ Theatre နှစ်ဆောင်နှင့် တစ်ထပ်ဆောင် (၁၆) ဆောင်။ နေပူပူမှာ ရွက်ခြောက်လေးတွေ လွင့်ဝဲနေတာကြည့်ပြီး လေပူနှင့် အပြိုင် သက်ပြင်းမှုတ်ကြရသည်။

"စီးပွားရေး တက္ကသိုလ် ဆိုတဲ့ အတိုင်းပဲဟ၊ ဈေးကွက် စီးပွားရေး စနစ်ကို လက်တွေ့ကျကျ ပီပီပြင်ပြင် သင်တာ ပျော်စရာကြီးဟ"

ကျွန်မ စကားဆုံးတာနဲ့ ကျွန်မစိတ်ကို ဖတ်တတ်နေတဲ့အလား မြနန္ဒာက စကားဆက်သည်။

"ဈေးကွက်စီးပွားရေးနဲ့ အမှီမလိုက်နိုင်တော့ ငါတို့ စာအုပ်မရလိုက်ဘူးလေ.. ဟိဟိ"

တင့်ထက်ကတော့ ကျွန်မနှင့် မြနန္ဒာကို ကြည့်ရင်း တွေးတွေးဆဆပြောသည်။

"Competitive Market ဆိုတာ အဲဒါပေါ့ဟ။ ငါတို့ Demand တွေက အရမ်းများနေသလားမှ မသိတာ"
မိုးကတော့ ပြေရာ ပြေကြောင်းပင်။ သူ့ထုံးစံအတိုင်း ဘာကိုမှ လေးလေးနက်နက် ခံစားမနေ။

"နင်တို့ကလည်း မိန်းမဆန်လိုက်ကြတာ"

ဒီနေရာမှာ မိုးပြောချင်တဲ့ မိန်းမဆန်တယ်ဆိုတဲ့ စကားက မိန်းမတွေကို နှိမ့်ချလို့ ပြောတာမျိုး မဟုတ်ဘူးဆိုတာ ကျွန်မတို့ အားလုံးသိပါတယ်။ ကျွန်မတို့ မမွေးလာခင်ကပင် ဒီစကားက ဘယ်သူထွင်လို့ ဘယ်လိုဘယ်ပုံပေါ်ပေါက်လာတယ် မသိ။ ကျွန်မတို့ အမြင်ကတော့ ယောကျာင်္း၊ မိန်းမ ခွဲခြားတဲ့ အမြင်မျိုး မဟုတ်ဘဲ သေးနုပ်တယ်၊ တွက်ကပ်တယ်၊ တင်စီးတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ ခက်ဆစ်တစ်လုံးလိုပဲ မြင်မိကြတာပါ။

"သြော်၊ မိုးရာ ၊ ငါတို့က မိန်းမဆန်လို့ ပြောနေတာ မဟုတ်ဘူး။ မဆန်လို့ပဲ ငါတို့ ဘယ်တုန်းက Text Book Original ရဖူးလဲ ။ အမြဲတမ်း မိတ္တူဆိုင်နဲ့ နှစ်ပါးသွားနေရတာ။ ကျောင်းကားဆိုလည်း အမြဲမတ်တတ်။ နောက်ဆုံး လေးထောင့်ကန်ကားတွေကိုပဲ ကြက်တွေ၊ ၀က်တွေနဲ့ အတူ တိုးစီးနေရတာပဲ မဟုတ်လား။ ငါက စကားအဖြစ်ပြောတာပါဟ.. သြော် စီးပွားရေး တက္ကသိုလ်ဆိုပြီးတော့လေ"

ကျွန်မ အသည်းအသန်လျှောက်လဲချက်ပေးတော့ တင့်ထက်က
"ဘာမှ မိန်းမဆန်တာ မဆန်တာကြောင့် မဟုတ်ဘူး. ပျင်းလို့ သူများတွေနဲ့ တိုးရတာကို မတိုးတာ. ထိုင်ခုံမရတာ သူများတွေလို ၀ီရိယ မရှိလို့.. ဒါပဲ လိုရင်းက" တင့်ထက် အပြောကို မြနန္ဒာကတော့ မလျော့။
"ဘာဖြစ်ဖြစ် ငါတို့ သဘောထားကြီးတာဟာ . ဘယ်သူ ဘာပြောချင်လဲ.. ပြောချင်လည်း ပြောလို့." သူ့ကြည့်တော့ ရယ်ကျဲကျဲနှင့်။

ပထမနှစ် ပထမနှစ်ဝက်က ဘာမှပင် မကြာလိုက်။ ရွက်ခြောက်တွေ ကြွေတဲ့ နွေနေပူထဲမှာပဲ ကျွန်မတို့ ရုန်းရင်းကန်ရင်း အချိန်တွေ တရွေ့ရွေ့ကုန်လာခဲ့သည်။ တက္ကသိုလ်ဆိုတာကိုတော့ ဒီလိုပါလား။ သို့သော် ပျော်စရာတွေချည်းပဲ ရှိနေသည်တော့မဟုတ်ပေ။ ကိုယ်စီကိုယ်စီမှာ နောက်ခံမိသားစု ဓလေ့ထုံးစံတွေကလည်း တူညီကြသည်မဟုတ်။ တူညီတာက တင့်ထက်၊ မြနန္ဒာနှင့် ကျွန်မတို့ မိဘတွေက ၀န်ထမ်းတွေ။ မိဘတွေ ၀န်ထမ်းဖြစ်သောကြောင့် ချမ်းသာလှသည် မဟုတ်သော်လည်း မိသားစုစီးပွားရေးအတွက် တာဝန်ယူရလောက်အောင်လည်း တာဝန်ကြီးနေကြသူတွေတော့ မဟုတ်။ ဒါပေမယ့် မြနန္ဒာနှင့် ကျွန်မနှင့်က အပြင်မှာ စာသင်သည်။ တင့်ထက်ကတော့ အသက်(၁၈)နှစ်ဆိုတာကိုပင် ကြီးလှပြီဟု မှတ်ထင်ကာ ၀င်ငွေရအောင် ဘာလုပ်ရင်ကောင်းမလဲသာ အကြံရှိနေသည်။ မိုးကတော့ တစ်ဦးတည်းသော သမီးမို့ အပူအပင်အကြောင့်အကြ မရှိလှပေ။ တကယ်တော့ ကျွန်မတို့ကို ကလေးတွေဟုလည်း အသတ်မှတ်မခံချင်တော့။ လူကြီးလို့လည်း မိသားစု အတွက် တိုင်ပင်ဖော်တိုင်ပင်ဖက် ဟု ပြောလို့မရပြန်။ ဒီအတွက်ပဲ Lecture အချိန်ပြီးတာနှင့် ကျွန်မတို့ ဆွေးနွေးတိုင်ပင်သည့် အကြောင်းအရာမှာ ဘ၀အတွက်၊ မိသားစုအတွက် ဘာလုပ်မလဲ ဟုသာ။ ကိုယ့်ကိုကိုယ် လူကြီးဟု သတ်မှတ်ခံချင်နေကြသော စကောစက အရွယ် ကျွန်မတို့လေးယောက် စီးပွားရေးတက္ကသိုလ်မှာ တစ်စုတစ်စည်းတည်း ကျင်လည်နေခဲ့တော့သည်။

အပိုင်း(၂) ဆက်ရန်

***ဇူးငယ်***
(၁.၉.၂၀၁၁)

Friday, August 19, 2011

မိုးစက်များ ရွာလေတိုင်း...

ပြတင်းပေါက်ကနေ တဆင့်လှမ်းကြည့်တော့ မိုးတွေက တဖွဲဖွဲ။ မှိုင်းညှို့သွားတဲ့ ခံစားချက်နဲ့ အိမ်ကို ဖုန်းဆက်တော့လည်း မိုးတွေ ရွာနေတယ်တဲ့။ တဖက်က မိုးရွာနေတဲ့ မိုးသံ သဲ့သဲ့လေးကို ကြားလိုက်ရတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကျွန်မ ရန်ကုန်မိုးကို လွမ်းလိုက်တာ။ အို.. ရန်ကုန်မိုးမှ မဟုတ်ပါဘူး။ ကျွန်မ ဘယ်နေရာ ရောက်ရောက် လွမ်းနေမိတဲ့ ကျွန်မမွေးရပ်က ဒေသန္တရ မိုးစက်တွေလို့ပဲ တင်စားပြောရလေမလားလေ။

တခဏလေး ခွဲရတာပါတဲ့။ သေချာရဲ့ လား။ သုံးမိုးတောင် ကျော်လာခဲ့ပြီ မေမေ။ ကျွန်မ ညည်းတွားလိုက်မိတယ်။ မျက်တောင်တခတ်အတွင်း ဘာမဆို ဖြစ်နိုင်တဲ့ လောကကြီးမှာ အဲဒီ ခွဲခွာခြင်းကလည်း တစ်သက်တာခွဲခွာခြင်းလည်း ဖြစ်နိုင်တာပဲလေ။ တကယ် တကယ်တော့ ဘယ်လို ပြောပြရပါ့မလဲ။ ကျွန်မ သောက်လိုက်ရတဲ့ မိုးခါးရေက မချိုမြိန်ပါဘူးဆိုတာ။ အကြောင်းပြချက်တစ်ချို့နဲ့ မိုးတွေ တဖွဲဖွဲ ကျနေတဲ့ ဒီဇင်ဘာမှာဘဲ ကျွန်မ ရုတ်တရက် ပျောက်ဆုံးခဲ့ရတယ်။

တခါတလေ ဘ၀မှာ ရွေးချယ်စရာ အများကြီး ရှိသလို ရွေးချယ်ခွင့် မရတဲ့ အချိန်အခါတွေလည်း ရှိနေနိုင်တယ်။ အခုလည်း ကျွန်မ ဆုံးရှူံးသွားမယ့် အရာတွေကို ပိုင်ဆိုင်ရဖို့ မကြာခဏ တပ်မက်စွာ ရှာဖွေနေတုန်း။ ကျွန်မရဲ့  ကိုယ်တိုင် မိုက်မဲမှု့ပါပဲ။ လျှောက်ရင်း လျှောက်ရင်း ကျွန်မ လမ်းတွေေ၀၀ါးလို့။ သေချာတာကတော့ မနက်ဖြန်ရဲ့  မိုးစက်တွေမှာ ကျွန်မ အိမ်ပြန်လမ်းကို အိမ်မက်မက်တယ်ဆိုတာ။

ဟော.. ကြည့်ရင်းနဲ့  မိုးတွေ သည်းသည်းမည်းမည်း ရွာလာပြန်ပြီ။ အသက်အရွယ်အရ မိုးစက်တွေကို ကျွန်မ ရင်မခုန်တတ်တော့တာလား။ ဒါမှမဟုတ် တပြည်တရွာက မိုးစက်တွေကိုပဲ ကျွန်မ မချစ်တတ်တာလား။ မိုးကောင်းကင်ကြီးက တစ်ခုတည်းပါပဲ။ ဒါပေမယ့် အဲဒီမိုးခါးရေမှာ ကျွန်မ လွမ်းဆွတ်ရတဲ့ ချိုမြမြ မိုးစက်လေးတွေတော့ မပါဘူး ထင်ပါရဲ့ ။

***ဇူးငယ်***

(ခေါင်းစဉ်လေးကို မျိုးကြီးရဲ့  မိုး သီချင်းထဲက စာသားကို ကြိုက်လို့ ပေးထားတာပါ)

တံခါးလေး ခေါက်ခဲ့ပါ